တာချီလိတ်မြို့တွင် ရေများပြန်လည်ကျဆင်းလာ

0
232

တာချီလိတ်မြို့တွင် ရေများပြန်လည်ကျဆင်းလာ

ရှမ်းပြည်နယ်၊တာချီလိတ်မြို့တွင် ပြီးခဲ့သည့်ရက်များအတွင်းက မိုးသည်းထန်စွာရွာသွန်းပြီး ချောင်းရေမြင့်တက်မှုတို့ကြောင့် ရပ်ကွက်များအတွင်းနှင့်လမ်းများပေါ်တွင်ရေဝင်ရေကျော်မှုများဖြစ်ပေါ်ခဲ့ပြီးနောက် သြဂုတ် ၁၃ ရက်ညပိုင်းမှစတင်၍ ရေများပြန်လည်ကျဆင်းလာခဲ့ကြောင်း လူမှုကူညီရေးအသင်းများမှ သိရသည်။

ထိုသို့ ရပ်ကွက်များအတွင်း ရေဝင်ရောက်မှုကြောင့် နေအိမ်များတွင်ရှိနေသူများအား ရေဘေးကယ်ဆယ်ရေးစခန်းများဖွင့်လှစ်၍ ယာယီရွှေ့ပြောင်းပေးခဲ့ရကြောင်း သိရသည်။

“ရွှေ့ပေးခဲ့ရတဲ့ လူအရေအတွက်ကတော့ ဌာနဆိုင်ရာကလူတွေမှာပဲရှိလိမ့်မယ် ကျွန်တော်တို့ကတော့ လတ်တလောအနေအထားမှာ အခက်အခဲကြုံနေတဲ့လူတွေကိုရွှေ့ပေးခဲ့ရတာဆိုတော့မသိဘူး လူအရေအတွက်ကတော့များတယ်”ဟု လူမှုကူညီရေးအသင်းဝင်တစ်ဦးကပြောသည်။

လက်ရှိအချိန်၌ မိုးရွာသွန်းမှုမရှိတော့သဖြင့် ရေဝင်ရောက်မှုသည် ပြန်လည်ကျဆင်းလာ၍ တာချီလိတ်မြို့တာဝန်ရှိသူများ၊မီးသတ်တပ်ဖွဲ့ဝင်များ၊လူမှုကူညီရေးအသင်းများ၊ကြက်ခြေနီအဖွဲ့ဝင်များနှင့်ရပ်ကွက်အသီးသီး၌ နေထိုင်သူများက ရေဝင်ရောက်မှုကြောင့် ဖြစ်ပေါ်လာသည့် အမှိုက်များ၊နှုန်းများအား ဖယ်ရှားရှင်းလင်းလျက်ရှိကြောင်း သိရသည်။

“ရေဘေးယာယီကယ်ဆယ်ရေးစခန်းက အောင်မြတ်ခန်းမ၊ခရိုင်စုပေါင်းရုံးနဲ့မြို့နယ်အားကစားခန်းမတွေမှာဖွင့်ထားတယ် တစ်ချို့ကတော့ရေပြန်ကျသွားတော့ အိမ်ကိုပြန်နေကြဖို့လုပ်နေကြတယ်”ဟု လူမှုကူညီရေးအသင်းဝင်တစ်ဦးကပြောသည်။

ရေဝင်ရောက်မှုကြောင့် သွားလာမှုခက်ခဲနေသည့် ရပ်ကွက်မျအတွင်းနေထိုင်သူများအား စားသောက်ရေးအဆင်ပြေစေရန် ဦးလှမိုး(တာချီလိတ်)လူမှုကူညီရေးအသင်းမှလည်း အစားအသောက်များလိုက်လံလှူဒါန်းပေးလျက်ရှိကြောင်း သိရသည်။

အလားတူ ရေဘေးယာယီကယ်ဆယ်ရေးစခန်း၌ ရောက်ရှိနေသူများ၏ စားသောက်ရေးအဆင်ပြေစေရန်လည်း လာရောက်လှူဒါန်းသည့်အလှူရှင်များ၊တာချီလိတ်မြို့တာဝန်ရှိသူများက စီမံဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

Photo-ရှမ်းအရှေ့သတင်းမဏ္ဏိုင်/ဦးလှမိုး(တာချီလိတ်)လူမှုကူညီရေးအသင်း

 

 

 

 


LEAVE A REPLY

Please enter your comment!
Please enter your name here