နျူစက်ရုံတွင်းခို၍ပစ်ခတ်သည့် ရုရှားစစ်သားများအား အဓိကထားတိုက်ခိုက်သွားမည်ဟု ဇလန်းစကီးကြေငြာ 

0
215

နျူစက်ရုံတွင်းခို၍ပစ်ခတ်သည့် ရုရှားစစ်သားများအား အဓိကထားတိုက်ခိုက်သွားမည်ဟု ဇလန်းစကီးကြေငြာ

ယူကရိန်းရှိ ဉရောပ၏အကြီးဆုံး နျူကလီးယားဓာတ်အားပေးစက်ရုံတစ်ဝိုက်တွင်ဖြစ်ပွားနေသော တိုက်ပွဲများနှင့်ပတ်သတ်၍ နိုင်ငံတကာအသိုင်းအဝိုင်းကစိုးရိမ်ကြောင်းပြောကြားနေကြကာ သမ္မတဇလန်းစကီးကလည်း ၎င်း၏နျူစက်ရုံကိုအသုံးချအကာအကွယ်ပြုပြီး ပစ်ခတ်မှုပြုလုပ်ပါက ထိုသို့ပစ်ခတ်သည့် ရုရှားစစ်သားများအား ပစ်မှတ်ထားချေမှုန်းသွားမည်ဟု ဩဂုတ်လ ၁၃ ရက် စနေနေ့ကပြောကြားခဲ့သည်။

 

ရုရှားသည် နျူစက်ရုံအားခြိမ်းခြောက်မှုအဖြစ် အသုံးချနေသည်ဟု သမ္မတဇလန်းစကီးကထပ်တလဲလဲဆိုကာ စက်ရုံကိုပစ်ခတ်မှုပြုလျှင်သော်လည်းကောင်း၊စက်ရုံ၌ခို၍ပစ်ခတ်လျှင်သော်လည်းကောင်း ယင်းသို့ပြုလုပ်သူ ရုရှားစစ်သားများသည် ယူကရိန်းထောက်လှမ်းရေးနှင့်အထူးစစ်သည်များ၏ အဓိကပစ်မှတ်ဖြစ်လာလိမ့်မည်ဟု ဆိုခဲ့သည်။

 

အကြမ်းဖက်နိုင်ငံမှ အရာရှိများအပြင် နျူစက်ရုံကိုဖြိုခွင်းမှုတွင် ပါဝင်ကူညီကြသူများအားလုံးသည်လည်း နိုင်ငံတကာတရားရုံးတွင် တရားစွဲခံရမည်ဟုလည်း ဆိုခဲ့သည်။

တိုက်ပွဲအစပိုင်းတွင် ရုရှားတပ်များက နျူစက်ရုံကိုသိမ်းပိုက်ခဲ့ခြင်းဖြစ်ကာ ယူကရိန်းနှင့်ရုရှားတို့သည် ဥေရာပ၏အကြီးဆုံး Zaporizhzhia စက်ရုံပစ်ခတ်မှုကို တစ်ဖက်နှင့်တစ်ဖက်အပြန်အလှန် စွပ်စွဲလျက်ရှိကြသည်။

“နိုင်ငံတောင်ပိုင်းက တိုက်ပွဲတွေနဲ့ပတ်သက်ပြီးလည်း သတင်းကောင်းတွေကြားနေရပါတယ်။ကျွန်တော်တို့ရဲ့တိုက်ခိုက်မှုကြောင့် ရုရှားတပ်တွေနဲ့သူတို့ရဲ့အရင်းအနှီးတွေ ပျက်စီးသွားတာမျိုးတွေ ကြားရပါတယ်။တိုက်ခိုက်မှုတွေက တစ်ရက်မှအလဟဿတော့ဖြစ်မသွားပါဘူး” ဟုလည်း၎င်းကဆိုခဲ့သည်။

ထပ်မံ၍လည်း ဇလန်းစကီးက နိုင်ငံ၏ဂျုံတင်ပို့မှုအခြေအနေနှင့်ပတ်သက်၍ နောက်ဆုံးအခြေအနေကိုရှင်းလင်းပြောကြားခဲ့သည်။ယူကရိန်းသည် ဇူလိုင်လတစ်လျှောက်လုံး ကုန်းလမ်းကပို့ဆောင်ခဲ့သည့် ဂျုံပမာဏအတိုင်း နှစ်ပတ်အတွင်း ဆိပ်ကမ်းသုံးခုမှ တင်ပို့နိုင်ခဲ့သည်ဟု သမ္မတကဆိုသည်။

ကုလနှင့်တူရကီ၏ ကြားဝင်စေ့စပ်မှုဖြင့် ယူကရိန်း၏ဂျုံများကို ပြန်လည်တင်ပို့နိုင်ခဲ့ပြီး လက်ရှိအချိန်၌ ယူကရိန်းမှသင်္ဘောနှစ်စင်း စနေနေ့ကထွက်ခွာသွားပြီဖြစ်ကာ စုစုပေါင်းသင်္ဘော ၁၆ စင်းထွက်ခွာနိုင်ခဲ့ပြီဖြစ်သည်ဟုလည်း ၎င်းကပြောကြားခဲ့သည်။

Source – Wio News


LEAVE A REPLY

Please enter your comment!
Please enter your name here