အီဂျစ် ဘုရားကျောင်း မီးလောင်ကျွမ်းမှုကြောင့် ၄၁ ဦးထက်မနည်းသေဆုံး၊ အများစုမှာ ကလေးများဖြစ်ဟုဆို

0
225

အီဂျစ် ဘုရားကျောင်း မီးလောင်ကျွမ်းမှုကြောင့် ၄၁ ဦးထက်မနည်းသေဆုံး၊ အများစုမှာ ကလေးများဖြစ်ဟုဆို

ကိုင်ရို၊ သြဂုတ် ၁၄

သြဂုတ်လ ၁၄ ရက် တနင်္ဂနွေနေ့၌ အီဂျစ် ကော့ပ်တစ်ခရစ်ယာန် ဘုရားကျောင်းအတွင်း ဝတ်ပြုဆုတောင်းစဉ် လျှပ်စစ်မီးချို့ယွင်းကာ မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ပြီး လူပေါင်း ၄၁ ဦး ထက်မနည်းသေဆုံးခဲ့ကာအများစုမှာ ကလေးများ ဖြစ်ကြောင်း သိရသည်။

အဆိုပါ မီးလောင်မှုသည် ဂီဇာမြို့ရှိ လူပေါင်း တစ်ထောင်ခန့် စုဝေးနေသော အဘူ ဆစ်ဖင် ဘုရားရှိခိုးကျောင်းတွင် နံနက် ၉ နာရီမထိုးခင် ဖြစ်ပွားခဲ့သည်။

မီးများက ဘုရားကျောင်းအဝင်ဝကို ပိတ်ဆို့နေခဲ့သဖြင့် ဘုရားကျောင်းအတွင်းရှိ ဝတ်ပြုသူများမှာ ကြောက်လန့်၍ အလုအယက် ကမူးရှုးထိုး ပြေးလွှားကြကြောင်း၊ သေဆုံးသူအများစုမှာ ကလေးများဖြစ်ကြောင်း သတင်းရင်းမြစ်နှစ်ခုက ပြောကြားခဲ့သည်။

“ဝတ်ပြုသူအများစုကတော့ တတိယထပ်နဲ့ စတုတ္ထထပ်မှာ စုဝေးနေကြပြီး ဒုတိယထပ်ကနေ မီးခိုးတွေထွက်လာတာကို ကျွန်တော်တို့ တွေ့လိုက်ရပါတယ်။ လူတွေက လှေကားဆီ အလုအယက် ပြေးဆင်းကြတော့ တစ်ယောက်အပေါ် တစ်ယောက် ထပ်မိပြီး ပြုတ်ကျလာပါတယ်” ဟု ဝတ်ပြုသူတစ်ဦးက ဆိုသည်။

“နောက်တော့ ပြူတင်းပေါက်ကနေ ပေါက်ကွဲသံနဲ့ မီးပွားတွေ ထွက်လာတာကို ကြားလိုက်ရတယ်” ဟု ဆိုကာ ၎င်းနှင့် ၎င်း၏ သမီးတို့သည် မြေညီထပ်တွင် ရောက်ရှိနေပြီဖြစ်၍ အဆိုပါ မီးလောင်မှုမှ လွတ်မြောက်လာခဲ့သည်ဟု ပြောကြားခဲ့သည်။

မီးလောင်မှုသည် ဒုတိယထပ်ရှိ လေအေးပေးစက်တွင် လျှပ်စစ် ချို့ယွင်းမှုဖြစ်ပွားခဲ့ရာမှ စတင်ခဲ့ကြောင်း ပြည်ထဲရေး ဝန်ကြီးဌာနက မှုခင်းဆေးစစ်ချက်တွင် ဖော်ပြခဲ့သည်။

သေဆုံးရခြင်း၏ အဓိကအကြောင်းအရင်းမှာ မီးခိုးငွေ့ရှူရှိုက်မိခြင်းကြောင့် ဖြစ်ကြောင်း ပြည်ထဲရေး ဝန်ကြီးဌာနက ဆိုသည်။

 သေဆုံးသွားသူများ၏ မိသားစုများသည် အီဂျစ်ပေါင် တစ်သိန်း (အမေရိကန်ဒေါ်လာ ၅,၂၂၀) ရရှိမည်ဖြစ်ကြောင်း အစိုးရအဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။

မီးလောင်ကျွမ်းမှုအတွင်း သေဆုံးခဲ့ရသူများအတွက် ဈာပနအခမ်းအနားကို ဂီဇာမြို့ရှိ သုသာန်တစ်ခု၌ တနင်္ဂနွေနေ့ ညနေပိုင်းတွင် ကျင်းပပေးခဲ့သည်။

Source: Reuters


LEAVE A REPLY

Please enter your comment!
Please enter your name here