ရုရှားနှင့် မြောက်ကိုရီးယားတို့ နှစ်နိုင်ငံဆက်ဆံရေးတိုးချဲ့မည်ဟု ပူတင်ပြော

0
223

ရုရှားနှင့် မြောက်ကိုရီးယားတို့ နှစ်နိုင်ငံဆက်ဆံရေးတိုးချဲ့မည်ဟု ပူတင်ပြော

ဆိုးလ်၊ သြဂုတ် ၁၅

ရုရှားသမ္မတ ဗလာဒီမာပူတင်က မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်းအား အဘက်ဘက်မှ အပြုသဘောဆောင်နေသော နှစ်နိုင်ငံဆက်ဆံရေးကို အပြန်အလှန် ကြိုးပမ်းအားထုတ်မှုများဖြင့် တိုးချဲ့သွားမည်ဟု ပြောကြားခဲ့ကြောင်း ပြုံယမ်း၏ နိုင်ငံပိုင်သတင်းမီဒီယာက ဩဂုတ်လ ၁၅ ရက် တနင်္လာနေ့တွင် ဖော်ပြခဲ့သည်။

ပူတင်က နီးကပ်သောဆက်ဆံရေးသည် နှစ်နိုင်ငံစလုံး၏ အကျိုးစီးပွားအတွက်သာမက ကိုရီးယားကျွန်းဆွယ်နှင့် အရှေ့မြောက် အာရှဒေသ၏ လုံခြုံရေးနှင့် တည်ငြိမ်ရေးတို့ကိုပါ ခိုင်မာအောင်ကူညီပေးမည်ဟု ကိုရီးယားလွတ်မြောက်ရေးနေ့အတွက် ကင်ဂျုံအန်းထံ ပေးပို့ခဲ့သော သဝဏ်လွှာတွင် ပူတင်က ပြောကြားခဲ့ကြောင်း မြောက်ကိုရီးယား သတင်းဌာန KCNA ကဖော်ပြခဲ့သည်။

ကင်မ်သည်လည်း ပူတင်ထံ စာတစ်စောင် ပြန်လည်ပေးပို့ခဲ့ပြီး ရုရှား-မြောက်ကိုရီးယား ချစ်ကြည်ရင်းနှီးမှုသည် ကိုရီးယားကျွန်းဆွယ်ကို သိမ်းပိုက်ထားသည့် ဂျပန်ကို အနိုင်ရရှိခဲ့သည့် ဒုတိယကမ္ဘာစစ်မှစ၍ ဖြစ်တည်လာခဲ့သည်ဟု ရေးသားခဲ့သည်။

နှစ်နိုင်ငံအကြား မဟာဗျူဟာနှင့် နည်းဗျူဟာဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု၊ ပံ့ပိုးကူညီမှုနှင့် စည်းလုံးညီညွတ်မှုတို့သည် ရန်လိုသောစစ်တပ်များ၏ ခြိမ်းခြောက်မှုများနှင့် ရန်စမှုများမှကာကွယ်ရန် ပူးတွဲအားထုတ်ခဲ့သည့် အချိန်မှစ၍ ပိုမိုကောင်းမွန်သော အခြေအနေတစ်ခုသို့ ရောက်ရှိသွားပြီဖြစ်ကြောင်း ကင်ဂျုံအန်းက အဆိုပါ စာထဲတွင် ပြောကြားခဲ့သည်။ KCNAသည် ရန်လိုသောစစ်တပ်များ၏ အမည်များကို ထုတ်ဖော်ပြောကြားခဲ့ခြင်းမရှိသော်လည်း ၎င်းသည် အမေရိကနှင့် မဟာမိတ်များကို ရည်ညွှန်းရန် အဆိုပါ အသုံးအနှုန်းကို အသုံးပြုလေ့ရှိသည်။

ရုရှားနှင့် မြောက်ကိုရီးယားအကြား ပူးပေါင်းဆောင်ရွက်မှုသည် ၂၀၁၉ ခုနှစ် ပူတင်နှင့် တွေ့ဆုံစဉ် ချုပ်ဆိုခဲ့သော သဘောတူညီချက်အပေါ် အခြေခံ၍ တိုးတက်လာမည်ဟု ကင်ဂျုံအန်းက ဆိုသည်။

 

မြောက်ကိုရီးယားသည် ဇူလိုင်လတွင် ယူကရိန်းအရှေ့ပိုင်းရှိ ရုရှားက ကျောထောက်နောက်ခံပြုထားပြီးယူကရိန်းမှ ခွဲထွက်မည့် ပြည်သူ့သမ္မတနိုင်ငံနှစ်ခုကို လွတ်လပ်သော နိုင်ငံအဖြစ် အသိအမှတ်ပြုခဲ့ပြီး တာဝန်ရှိသူများက ဆောက်လုပ်ရေးနှင့် အခြားအလုပ်သမားများကို ကူညီရန်အတွက် အဆိုပါဒေသများသို့ မြောက်ကိုရီးယားလုပ်သားများ စေလွှတ်မည့် အလားအလာကို မြှင့်တင်ခဲ့သည်။

ယင်းကဲ့သို့သော ပြုမှုလုပ်ဆောင်ချက်များကြောင့် ကိဗ်နှင့် ပြုံယမ်းကြားရှိ ဆက်ဆံရေး ချက်ချင်းပြတ်တောက်သွားခဲ့သည်။

Source: Reuters


LEAVE A REPLY

Please enter your comment!
Please enter your name here