မိုးရွာသွန်းမှုကြောင့် ပြင်သစ်‌ တောမီးလောင်ကျွမ်းမှုသက်သာသော်လည်း တောင်ပိုင်းတွင်လူများ ပိုမိုရွှေ့ပြောင်းနေရဆဲဖြစ်

0
159

မိုးရွာသွန်းမှုကြောင့် ပြင်သစ်‌ တောမီးလောင်ကျွမ်းမှုသက်သာသော်လည်း တောင်ပိုင်းတွင်လူများ ပိုမိုရွှေ့ပြောင်းနေရဆဲဖြစ်

တလုစ်၊ဩဂုတ် ၁၅

ပြင်သစ်နိုင်ငံတောင်ပိုင်းတွင် တစ်ဖန်ပြန်လည်လောင်ကျွမ်းနေသည့် တောမီးကြောင့်လူပေါင်း ၁,၀၀၀ ကျော် နေရပ်စွန့်ခွာသွားရကာ ထိုည၌ပင်မိုးရွာသွန်းမှုကြောင့် မီးလောင်ကျွမ်းမှုကို ထိန်းချုပ်နိုင်ခဲ့ကြောင်း တာဝန်ရှိသူများက ဩဂုတ်လ ၁၄ ရက်ကပြောကြားခဲ့သည်။

ပြင်သစ်နိုင်ငံသည် ယခုနှစ်နွေရာသီ၌ သမိုင်းဝင်မိုးခေါင်မှုအပြင် အပူလှိုင်းနှင့်တောမီးလောင်မှုများကိုပါ ဆက်တိုက်ကြုံတွေ့နေရသည်။

တောင်ပိုင်း Aveyron ဒေသ၌ တနင်္လာနေ့ကတည်းကလောင်နေခဲ့သောတောမီးကို ထိန်းချုပ်နိုင်ခဲ့ပြီး စနေနေ့မွန်းလွဲပိုင်းတွင် ရုတ်တရက်ပြန်လည်လောင်ကျွမ်းမှုကြောင့် ဟက်တာ ၅၀၀ ခန့် ထပ်မံလောင်ကျွမ်းသွားသည်ဟု တာဝန်ရှိသူများကပြောကြားခဲ့သည်။

Millau မြို့အနီးရှိ Mostuejols ရွာနှင့် အနီးနားရှိ ရွာငယ်ခြောက်ခုမှ အနည်းဆုံးလူ ၁,၀၀၀ ခန့်ကိုဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးခဲ့ရသည်ဟု ဆိုသည်။

မီးလောင်မှုကြောင့် လူပေါင်း ၃,၀၀၀ ခန့်ကို ဘေးလွတ်ရာသို့ရွှေ့ပြောင်းပေးခဲ့ပြီးဖြစ်ကာ မီးကိုထိန်းချုပ်နိုင်ချိန်တွင် ပြည်သူများအားနေရပ်သို့ပြန်လည်နေထိုင်ရန် ခွင့်ပြုခဲ့သည်။ယခုအချိန်အထိ လူအသေအပျောက်မရှိသေးသော်လည်း စုစုပေါင်းဟက်တာ ၁,၂၆၀ အထိမီးလောင်ကျွမ်းခဲ့သည်ဟုသိရှိရသည်။

ဒေသခံအမျိုးသားတစ်ဉီးသည် ၎င်း၏နောက်တွဲယာဥ်မှ သတ္တုအစိတ်အပိုင်းတစ်ခု လမ်းကိုထိမိကာမီးပွားများကျရာမှ ယခုလိုမီးလောင်မှုဖြစ်ပွားခဲ့ရခြင်းအတွက် စုံစမ်းစစ်ဆေးမှုခံနေရသည်။

ပြင်သစ်အရှေ့ပိုင်းတွင် ထိုသို့သောအန္တရာယ်များကိုကန့်သတ်ထိန်းချုပ်နိုင်ရန် ဂျာမန်နယ်စပ်အနီး Bas – Rhin ဒေသရှိသစ်တောဧရိယာအတွင်းနေထိုင်သူများမှအပ ကျန်သူများအားဝင်ရောက်ခွင့်တားမြစ်ထားသည်ဟု ရဲတပ်ဖွဲ့က စနေနေ့ကပြောကြားခဲ့သည်။

တစ်ချိန်တည်းမှာပင် ဘော်ဒိုးမြို့တစ်ဝိုက် အနောက်တောင်ပိုင်း Gironde ဒေသ၌ ညတွင်းချင်းမိုးရွာပြီး အင်္ဂါနေ့ကအကြီးအကျယ်လောင်ကျွမ်းခဲ့သော မီးကိုထိန်းချုပ်နိုင်ခဲ့သည်ဟု အကြီးတန်းအရာရှိတစ်ဉီးကပြောသည်။

“ရာသီဥတုအခြေအနေပေးလို့ မီးကိုထိန်းချုပ်နိုင်ခဲ့ပါပြီ” ဟု Arcachon ၏ တာဝန်ရှိသူတစ်ဉီးဖြစ်သည့် မစ္စတာ Ronan Leaustic က သတင်းထောက်များအားပြောကြားခဲ့ကာ ဘေးလွတ်ဖို့ရွှေ့ပြောင်းခဲ့ရသူ ၈,၀၀၀ ကိုလည်း ယခုအခါနေရပ်ပြန်ပို့ပေးခဲ့ပါပြီဟု ဆိုခဲ့သည်။

ဟက်တာတစ်ထောင်ကျော် ပျက်စီးသွားသော Jura အရှေ့ပိုင်းဌာန၌ မီးလောင်မှုဖြစ်ပွားပြီးနောက် ကယ်ဆယ်ရေးလုပ်ငန်းများကိုလည်း ဆက်လက်ဆောင်ရွက်နိုင်ခဲ့သည် ဟုလည်းဆိုခဲ့သည်။

Source – AFP/ ec


LEAVE A REPLY

Please enter your comment!
Please enter your name here