မော်လမြိုင်မြို့နှင့်ကျိုက်မရောမြို့နယ်တို့တွင် မိုးသည်းထန်စွာရွာသွန်း၍ နေအိမ်များ၊စာသင်ကျောင်းများအတွင်းသို့ ရေဝင်ရောက်နေ

0
137

မော်လမြိုင်မြို့နှင့်ကျိုက်မရောမြို့နယ်တို့တွင် မိုးသည်းထန်စွာရွာသွန်း၍ နေအိမ်များ၊စာသင်ကျောင်းများအတွင်းသို့ ရေဝင်ရောက်နေ

မွန်ပြည်နယ်၊မော်လမြိုင်မြို့နှင့်ကျိုက်မရောမြို့နယ်တို့တွင် သြဂုတ် ၁၆ ရက်(ယနေ့)နံနက်ပိုင်းမှစတင်ကာ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် နေအိမ်များနှင့်စာသင်ကျောင်းများအတွင်းသို့ ရေဝင်ရောက်မှုများဖြစ်ပေါ်လျက်ရှိသည်ဟု သိရသည်။


မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မော်လမြိုင်မြို့ရှိ ဇေယျာမြိုင်ရပ်ကွက်အတွင်းရေဝင်ရောက်မှုအများဆုံးဖြစ်ပေါ်လျက်ရှိပြီး လမ်းများပေါ်တွင်လည်း ရေကျော်လျက်ရှိသည်။

“မိုးကသည်းသည်းမည်းမည်းရွာနေတော့ တစ်ချို့အိမ်တွေဆိုရင် ရေတွေအတော်ဝင်နေပြီ ဒါ့ကြောင့် အရေးကြီးတဲ့ပစ္စည်းတွေကိုယူပြီး ရေလွတ်တဲ့နေရာတွေကို ယာယီရွှေ့ပေးနေရတယ်”ဟု မော်လမြိုင်မြို့အခြေစိုက် လူမှုကူညီရေးအသင်းဝင်တစ်ဦးကပြောသည်။

အလားတူ ကျိုက်မရောမြို့နယ်ရှိ ငပြေမ၊ ဦးလေးနှင့်အံကရဲကျေးရွာတို့ရှိ စာသင်ကျောင်းများအတွင်းသို့လည်း ရေဝင်ရောက်မှုများဖြစ်ပေါ်လျက်ရှိသည်ဟု သိရသည်။


ထို့ကြောင့် ကျောင်းသား၊ကျောင်းသူများ၊အရေး ကြီးသည့် စာရွက်စာတမ်းများနှင့်စာသင်ခုံများအား ရေလွတ်ရာသို့ ယာယီရွှေ့ပြောင်းထားခဲ့ရကြောင်း သိရသည်။

ထို့ပြင် အတ္တရံမြစ်ကမ်းနားလမ်းနှင့်ရှင်စောပု ရပ်ကွက်များအတွင်းရှိ နေအိမ်များအတွင်းသို့လည်း ရေများဝင်ရောက်လျက်ရှိသဖြင့် ရေလွတ်ရာသို့ ယာယီရွှေ့ပြောင်းပေးနေရကြောင်း သိရသည်။

Photo-CJ/ Kyaw Gyi Facebook/ Zin Moe


LEAVE A REPLY

Please enter your comment!
Please enter your name here