ထိုင်ဝမ်လွတ်လပ်ရေးကို ထောက်ခံအားပေးသည့် ထိုင်ဝမ်အရာရှိ ခုနှစ်ဦးကို တရုတ်က ပိတ်ဆို့အရေးယူ

0
272

ထိုင်ဝမ်လွတ်လပ်ရေးကို ထောက်ခံအားပေးသည့် ထိုင်ဝမ်အရာရှိ ခုနှစ်ဦးကို တရုတ်က ပိတ်ဆို့အရေးယူ

ထိုင်ဝမ်၊ ဩဂုတ် ၁၆

ထိုင်ဝမ်၏ ကိုယ်ပိုင်လွတ်လပ်ရေးကို ထောက်ခံအားပေးသည့် ထိုင်ဝမ်အရာရှိ ခုနစ်ဦးကို တရုတ်နိုင်ငံက ပိတ်ဆို့အရေးယူလိုက်ကြောင်း ၎င်း၏နိုင်ငံပိုင်မီဒီယာက သြဂုတ်လ ၁၆ ရက် အင်္ဂါနေ့ တွင် ဖော်ပြခဲ့သည်။

အဆိုပါ ပိတ်ဆို့အရေးယူမှုများသည် အမေရိကန် အောက်လွှတ်တော် ဥက္ကဌ နန်စီပလိုစီ၏ ထိုင်ဝမ်ခရီးစဉ်အပြီး ထွက်ပေါ်လာခြင်းဖြစ်ကာ တရုတ်နိုင်ငံက ၎င်းခရီးစဉ်သည် ထိုင်ဝမ်ကျွန်းပေါ်ရှိ ကိုယ်ပိုင်လွတ်လပ်ရေး လိုလားနေသော အဖွဲ့များထံ မှားယွင်းသော အချက်ပြမှုတစ်ခု ဖြစ်သည်ဟု ပြောကြားခဲ့သည်။

ဒီမိုကရေစီနည်းကျ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ထိုင်ဝမ်သည် တရုတ်နိုင်ငံက ၎င်းကျွန်း၏ အချုပ်အခြာအာဏာကို ပိုင်ဆိုင်ထားသည်ဟူသော ပြောဆိုချက်အား ငြင်းဆိုထားသည်။

တရုတ်နိုင်ငံ၏ ထိုင်ဝမ်ရေးရာရုံးမှ ပိတ်ဆို့အရေးယူခံရသူများထဲတွင် ဝါရှင်တန်ဆိုင်ရာ ထိုင်ဝမ်သံအမတ်ကြီး ရှောင်ဘီကင်မ်နှင့် ထိုင်ဝမ်အမျိုးသားလုံခြုံရေးကောင်စီ အတွင်းရေးမှူးချုပ် ဝယ်လင်တန်ကူး တို့ပါဝင်ကြောင်း တရုတ်အစိုးရသတင်းဌာန ဆင်ဟွာက ဖော်ပြခဲ့သည်။

ထိုင်ဝမ်၏ အာဏာရနိုင်ငံရေးပါတီဖြစ်သည့် ဒီမိုကရက်တစ်တိုးတက်ရေးပါတီမှ နိုင်ငံရေးသမားများကိုလည်း ပိတ်ဆို့အရေးယူခဲ့သည်။

အရေးယူပိတ်ဆို့ခြင်း ခံရသူများသည် တရုတ်၊ ဟောင်ကောင်နှင့် မကာအိုသို့ သွားရောက်နိုင်မည်မဟုတ်ကြောင်း ထိုင်ဝမ်ရေးရာရုံးမှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ဆိုသည်။

ထို့အပြင် ၎င်းတို့နှင့် ဆက်စပ်နေသည့် ကုမ္ပဏီများနှင့် ရင်းနှီးမြှုပ်နှံသူများကိုလည်း တရုတ်နိုင်ငံတွင် စီးပွားရေးလုပ်ပိုင်ခွင့် ပေးသွားမည် မဟုတ်ကြောင်း ပြောကြားခဲ့သည်။

Source: CNA


LEAVE A REPLY

Please enter your comment!
Please enter your name here