ဒုံးကျည်ကာကွယ်ရေး စစ်ရေးလေ့ကျင့်မှု အမေရိက၊ တောင်ကိုရီးယားနှင့် ဂျပန်ပူးတွဲပြုလုပ်

0
113

ဒုံးကျည်ကာကွယ်ရေး စစ်ရေးလေ့ကျင့်မှု အမေရိက၊ တောင်ကိုရီးယားနှင့် ဂျပန်ပူးတွဲပြုလုပ်

ဆိုးလ်/ဝါရှင်တန်၊ သြဂုတ် ၁၆ ရက်

အမေရိက၊ တောင်ကိုရီးယားနှင့် ဂျပန်တို့သည် ပြီးခဲ့သည့် အပတ်က ဟာဝိုင်ယီ ကမ်းလွန်၌ ပြုလုပ်ခဲ့သည့် ပဲ့ထိန်းဒုံးကျည် ကာကွယ်ရေး စစ်ရေးလေ့ကျင့်မှုတွင် ပူးပေါင်း ပါဝင်ခဲ့ကြကြောင်း ပင်တဂွန်က ဩဂုတ်လ ၁၆ ရက် အင်္ဂါနေ့တွင် ပြောကြားခဲ့သည်။

မြောက်ကိုရီးယားနှင့် တရုတ်နိုင်ငံတို့၏ လှုပ်ရှားမှုများကို စောင့်ကြည့်၍ အဆိုပါ ပေါင်းစပ်လေ့ကျင့်မှုများကို ပြန်လည်အသက်သွင်းခဲ့သည်ဟုလည်း သိရသည်။


ယင်းစစ်ရေးလေ့ကျင့်မှုသည် အဆိုပါ သုံးနိုင်ငံမှ ၂၀၁၇ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ် ပြန်လည် ပူးတွဲကာ ပြုလုပ်ခဲ့သည့် စစ်ရေးလေ့ကျင့်မှု ဖြစ်လာသည်။

ဒုံးကျည်ပစ်ခတ်မှု သတိပေးခြင်း၊ ပဲ့ထိန်း ဒုံးကျည်ရှာဖွေခြင်းနှင့် ခြေရာခံခြင်း လေ့ကျင့်ခန်းများကို ဩဂုတ်လ ၈ ရက်မှ ၁၄ ရက်အထိ နိုင်ငံစုံ ပစိဖိတ်နဂါးလေ့ကျင့်မှုအတွင်း ပြုလုပ်ခဲ့ပြီး မြောက်ကိုရီးယား၏ စိန်ခေါ်မှုများကို တုံ့ပြန်ရန်၊ ဘုံလုံခြုံရေးကို ကာကွယ်ရန်နှင့် စည်းမျဉ်း အခြေပြု နိုင်ငံတကာ အမိန့်ကို ထောက်ခံအားပေးရန် စသော သုံးနိုင်ငံ၏ ကတိကဝတ်ကို ပြသခဲ့ကြောင်း ပင်တဂွန်စစ်ဌာနချုပ်က ထုတ်ပြန်ခဲ့သည်။

ပါဝင်သည့်နိုင်ငံများသည် သုံးနိုင်ငံ သတင်းအချက်အလက် မျှဝေရေး သဘောတူညီချက်နှင့်အညီ နည်းဗျူဟာဆိုင်ရာ ဒေတာများဖြင့် ချိတ်ဆက်ထားသည့် သတင်းအချက်အလက်များကို မျှဝေခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

မေလတွင် အာဏာရလာခဲ့သည့် ကွန်ဆာဗေးတစ်ပါတီဝင် တောင်ကိုရီးယားသမ္မတ ယွန်းဆော့ယိုက ဂျပန်နှင့် ဆက်ဆံရေးပိုမိုကောင်းမွန်လာစေရန်နှင့် မြောက်ကိုရီးယားကို ပိုမိုကောင်းမွန်စွာ ဟန့်တားနိုင်ရန်အတွက် အမေရိကနှင့် မဟာမိတ်ဆက်ဆံရေး ပိုမိုနက်ရှိုင်းလာစေရန် ကတိပြုခဲ့သည်။

အမေရိကဦးဆောင်သည့် ပူးတွဲဒုံးကျည်ကာကွယ်ရေးအစီအမံများသည် တရုတ်အား အမျက်ထွက်စေသည့် အကြောင်းရင်းတစ်ရပ်ဖြစ်ပြီး  တရုတ်သည် အမေရိကန်စစ်ဘက်မှ ထုတ်လုပ်ထားသော ပဲ့ထိန်းဒုံးကျည် ကာကွယ်ရေးစနစ် ဖြစ်သည့် (THAAD)ကို လက်ခံ တပ်ဆင်သွားမည်ဟူသော တောင်ကိုရီးယား၏ ဆုံးဖြတ်ချက်အပေါ် စီးပွားရေးအရ လက်တုံ့ပြန်ခဲ့သည်။

ပေကျင်းက THAAD ရေဒါသည် ၎င်း၏ပိုင်နက်အတွင်းသို့ ထိုးဖောက်ဝင်ရောက်နိုင်ပြီး ၎င်းလက်နက်များကို တိုးချဲ့တပ်ဆင်သွားမည်မဟုတ်ဟူသော ယခင်သမ္မတက ပေးခဲ့သည့် အာမခံချက်များကို လေးစားလိုက်နာပါရန်နှင့် အမေရိကန် ဦးဆောင်သော ကမ္ဘာလုံးဆိုင်ရာ ဒုံးကျည်ကာကွယ်ရေးတွင် ပါဝင်ခြင်း သို့မဟုတ် ဂျပန်ပါဝင်သော သုံးနိုင်ငံစစ်ရေးမဟာမိတ်ကို ဖန်တီးခြင်းမပြုရန် သမ္မတယွန်းအား တောင်းဆိုခဲ့သည်။

သို့ရာတွင် ယွန်းက ၎င်းအာမခံချက်များသည် တရားဝင်သဘောတူညီချက်များတွင် မပါဝင်ကြောင်း ပြောကြားခဲ့သည်။

တောင်ကိုရီးယား ကာကွယ်ရေး ဝန်ကြီးဌာနက ၎င်း၏တပ်ဖွဲ့များသည် သြဂုတ် ၂၂ ရက်မှ စက်တင်ဘာ ၁ ရက်အထိ ကျင်းပမည့် အမေရိကနှင့် ပူးတွဲစစ်ရေးလေ့ကျင့်မှုအတွင်း ကာလကြာရှည်စွာ ဆိုင်းငံ့ထားသည့် တိုက်ရိုက်လေ့ကျင့်မှုကိုပါ ပြန်လည်စတင်မည်ဖြစ်ကြောင်း အင်္ဂါနေ့ (ယနေ့) တွင် အတည်ပြုခဲ့သည်။

Source: Reuters


LEAVE A REPLY

Please enter your comment!
Please enter your name here