မိုင်းတွင်းထဲပိတ်မိနေသည့် လုပ်သားများကိုကယ်ယူရေး ရေကြီးမှုကြောင့်ကြန့်ကြာ

0
189

မိုင်းတွင်းထဲပိတ်မိနေသည့် လုပ်သားများကိုကယ်ယူရေး ရေကြီးမှုကြောင့်ကြန့်ကြာ

 

မက္ကဆီကိုနိုင်ငံမြောက်ပိုင်း Coahuila ပြည်နယ်ရှိ ကျောက်မီးသွေးတွင်းတစ်ခုတွင် တစ်ပတ်ကျော်ကြာ ပိတ်မိနေသည့် မိုင်းတွင်းလုပ်သား ၁၀ ဦးကို ကယ်ဆယ်ရန် ကြိုးပမ်းနေစဉ် ရေထပ်မံကြီးမှုကြောင့်ကြံ့ကြာနေသည်ဟု အာဏာပိုင်များကပြောကြားခဲ့သည်။

တနင်္လာနေ့က El Pinabete မိုင်းတွင်း၌ ရေများဝင်ရောက်ကာ ကယ်ဆယ်ရေးလုပ်ငန်းများကို နှောင့်နှေးစေခဲ့ပြီး ပိတ်မိနေသူများအသက်ရှင်လိုရှင်ငြား မျှော်လင့်နေသည့်မိသားစုဝင်များအတွက် မျှော်လင့်ချက်မှေးမှိန်သွားစေခဲ့သည်။

ကယ်ဆယ်ရေးသမားများ ဝင်ရောက်ရန်မျှော်လင့်ထားသည့် ဝင်ပေါက်၌ရေအနက်သည် တနင်္လာနေ့အစောပိုင်းတွင် ၃၈ မီတာ (၁၂၅ ပေ) ရှိပြီး တနင်္ဂနွေနေ့အစောပိုင်းနှင့် နှိုင်းယှဉ်ပါက ၁ ဒသမ ၃ မီတာ (၄ ဒသမ ၂ ပေ) ခန့်ထပ်တိုးလာကြောင်း မြို့ပြကာကွယ်ရေးအမျိုးသား ညှိနှိုင်းရေးမှူး လော်ရာဗလက်ဇ်ကက်ဇ်က ပြောကြားခဲ့သည်။

ကယ်ဆယ်ရေးအဖွဲ့တစ်ဖွဲ့က တနင်္ဂနွေနေ့ရေပြန်ကျချိန်တွင် မိုင်းတွင်းထဲသို့ ဆင်းရန် ပြင်ဆင်နေခဲ့ကြောင်း ဗလက်ဇ်ကက်ဇ်က အစိုးရသတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

“မထင်မှတ်ပဲအခုလိုရေကြီးသွားတာက ကျွန်တော်တို့အစီအစဉ်တစ်ခုလုံးကိုပျက်သွား‌စေပါတယ်။ဝင်ပေါက်ကတစ်ဆင့် ရေထဲကိုကင်မရာချပြီးကြည့်တာတော့ နောက်ကျိနေတဲ့ရေထဲမှာ ပိုက်တွေနဲ့ကေဘယ်လ်အပျက်အစီးတွေပဲ‌ မျောနေတာတွေ့ရပါတယ်” ဟု၎င်းကဆိုသည်။

ယခုအခါ အင်ဂျင်နီယာများသည် Pinabete နှင့် Conchas Norte မိုင်းတွင်းများကို တစ်ခုနှင့်တစ်ခုပိတ်ရန် စီစဉ်နေပြီး Pinabete မှ ရေများကို ဆက်လက်စုပ်ထုတ်ရန် စီစဉ်နေကြောင်း လည်းပြောကြားခဲ့သည်။

သြဂုတ် ၃ ရက်က Coahuila ပြည်နယ်မှ Sabinas ရှိ Pinabete သတ္တုတွင်း၌ မိုင်းတွင်းလုပ်သားများသည် ၎င်းတို့၏လုပ်ငန်းခွင်တွင် ဥမင်နံရံပြိုကျကာ ရေလျှံမှုဖြစ်ပွားခဲ့ခြင်းကြောင့် မြေအောက်၌ ပိတ်မိနေခဲ့သည်။မိုင်းလုပ်သားငါးဦးသည် ဖြစ်ဖြစ်ချင်းအချိန်မှီထွက်လာနိုင်သော်လည်း ကျန်ရှိနေသူများ၏ အရိပ်အယောင်ကိုမျှမမြင်ခဲ့ရပေ။

စစ်သားများနှင့် စစ်ဘက်ဆိုင်ရာရေငုပ်သမားများအပါအဝင် ရာနှင့်ချီသော ကယ်ဆယ်ရေးသမားများသည် ကယ်ဆယ်ရေးလုပ်ငန်းများတွင် ပါဝင်လျက်ရှိသည်။  “မိုင်းလုပ်သားတွေကို ကယ်ဆယ်ဖို့ ကျွန်တော်တို့ လုပ်ဆောင်နေတာကို ရပ်လိုက်မှာမဟုတ်ပါဘူး” ဟု မက္ကဆီကို သမ္မတ Andres Manuel Lopez Obrador က သတင်းထောက်များအား ပြောကြားခဲ့သည်။

သို့သော် သီတင်းတစ်ပတ်ကုန်ပြီးချိန်၌ ပျောက်ဆုံးနေသော အလုပ်သမားများ၏ ဆွေမျိုးများက ကယ်ဆယ်ရေးလုပ်ငန်းအားစီစဥ်မှုကို စိတ်ပျက်ကာမယုံကြည်မှုများ တိုးပွားလာကြောင်း ထုတ်ဖော်ပြောဆိုခဲ့ကြသည်။မိုင်းတွင်းပိုင်ရှင်များကို တာဝန်ယူပေးဖို့လည်း တောင်းဆိုထားကြသည်။

“ဒါဟာ အပြစ်ပေးလို့မရတဲ့ ရာဇ၀တ်မှုတစ်ခုပါ” ဟု Magdalena Montelongo က သတင်းထောက်များအား ပြောကြားခဲ့ပြီး မိုင်းလုပ်သားများသည် “အလွန်ဆိုးရွားသောအခြေအနေ” တွင် အလုပ်လုပ်ခဲ့ရသည်ဟုလည်းပြောကြားခဲ့သည်။

ပိတ်မိနေသော မိုင်းတွင်းလုပ်သား Margarito Cabriales ၏ညီမ Maria Guadalupe Cabriales က ကယ်ဆယ်ရေးကြိုးပမ်းမှုများ နှောင့်နှေးနေခြင်းကသူမ၏ မျှော်လင့်ချက်ကို လျော့ပါးစေသည်ဟုလည်းပြောကြားခဲ့သည်။

“ကယ်ဆယ်‌ရေးအဖွဲ့တွေက ကျွန်မအစ်ကိုကိုကယ်ပေးဖို့ အချိန်ပိုကြာလိမ့်မယ်လို့ပြောပါတယ်” ဟု သူမကရိုက်တာ သတင်းဌာနသို့ပြောကြားခဲ့ပြီး “ကျွန်မတို့မှာ ဘာမျှော်လင့်ချက် ကျန်တော့မှာလဲ” ဟုလည်းဆိုခဲ့သည်။

Source – Aljazeera


LEAVE A REPLY

Please enter your comment!
Please enter your name here