ဧရာဝတီတံတား(ရတနာပုံ)စစ်ဆေးရေးဂိတ်တွင် ခရီးသည်တင်ကားပေါ်လိုက်ပါလာသည့် PDF အဖွဲ့ဝင်များ၏ သေနတ်ဖြင့်ပစ်ခတ်မှုကြောင့် ခရီးသည် ၂ ဦး သေဆုံး၊ ၅ ဦး ဒဏ်ရာရဟု နစက ထုတ်ပြန်

0
326

ဧရာဝတီတံတား(ရတနာပုံ)စစ်ဆေးရေးဂိတ်တွင် ခရီးသည်တင်ကားပေါ်လိုက်ပါလာသည့် PDF အဖွဲ့ဝင်များ၏ သေနတ်ဖြင့်ပစ်ခတ်မှုကြောင့် ခရီးသည် ၂ ဦး သေဆုံး၊ ၅ ဦး ဒဏ်ရာရဟု နစက ထုတ်ပြန်

စစ်ကိုင်းတိုင်း၊စစ်ကိုင်းမြို့၊တကောင်းရပ်ကွက်၊ ဧရာဝတီတံတား(ရတနာပုံ)စစ်ဆေးရေးဂိတ်တွင် သြဂုတ် ၁၇ ရက်(ယနေ့)နံနက် ၈ နာရီ ၂၅ မိနစ်ခန့်ကဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း နစက မှထုတ်ပြန်ခဲ့သည်။

ဧရာဝတီတံတား(ရတနာပုံ)စစ်ဆေးရေးဂိတ်တွင် တာဝန်ထမ်းဆောင်နေသည့် လုံခြုံရေးအဖွဲ့ဝင်များက ရန်ကုန်-မုံရွာ ပြေးဆွဲပေးနေသည့် “အာကာသ”ခရီးသည်တင်ကားအား တားဆီးစစ်ဆေးစဥ် ကားပေါ်၌လိုက်ပါလာသည့် PDF အဖွဲ့ဝင် ၃ ဦးက လုံခြုံရေးအဖွဲ့ဝင်များအား သေနတ်ဖြင့်စတင်ပစ်ခတ်တိုက်ခိုက်ခဲ့သည်။


ထိုသို့ ပစ်ခတ်မှုကြောင့် လုံခြုံရေးအဖွဲ့ဝင် ၂ ဦး၌ ခိခိုက်ဒဏ်ရာရရှိခဲ့ပြီး PDF အဖွဲ့ဝင်များက ကားပေါ်တွင်လိုက်ပါလာသည့် ခရီးသည်များအား ဓားစာခံပြုလုပ်အကာအကွယ်ယူ၍ လုံခြုံရေးအဖွဲ့ဝင်များအား ပစ်ခတ်ခြင်း၊ခရီးသည်များအား ပစ်ခတ်ခြင်းတို့ကို ပြုလုပ်ခဲ့ကြသည်။


“လုံခြုံရေးတပ်ဖွဲ့ဝင်တွေက ခရီးသည်တွေကို ဓား စာခံလုပ် လူသားတံတိုင်းသဖွယ် အကာအကွယ်ယူပစ်ခတ်နေတဲ့ PDF အဖွဲ့ဝင်တွေကို တိကျစွာ ချိန်ရွယ်ပစ်ခတ်ဖမ်းဆီးခဲ့ပါတယ် ဒါ့ကြောင့် PDF အဖွဲ့ဝင် ၂ ယောက်ကို အသေဖမ်းဆီးရမိပြီး ၁ ယောက်ကို အရှင်ဖမ်းဆီးရမိခဲ့သလို ပစ္စတို ၃ လက်ကိုလည်းသိမ်းဆည်းရမိခဲ့ပါတယ်”ဟု နစက သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက သြဂုတ် ၁၇ ရက်(ယနေ့)နေ့လည် ၁ နာရီကပြုလုပ်လျက်ရှိသည့် သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။


ဖြစ်စဉ်တွင် ခရီးသည်အမျိုးသား ၁ ဦး သေဆုံးခဲ့ကာ ခရီးသည်အမျိုးသမီး ၁ ဦးမှာလည်း PDF အဖွဲ့ဝင်များ၏ လူသားတံတိုင်းပြုလုပ်၍ ပစ်ခတ်မှုကြောင့် ညာဘက်ခြေသလုံး၌ ကျည်ထိမှန်ဒဏ်ရာဖြင့် ထိတ်လန့်ရှော့ဖြစ်ကာ သေဆုံးခဲ့ပြီး ခရီးသည် ၅ ဦးတွင်လည်း(မစိုးရိမ်ရ)ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။

ထို့ပြင် အရှင်ဖမ်းဆီးရမိခဲ့သည့် PDF အဖွဲ့ဝင်အားစစ်ဆေးရာ ကားပေါ်တွင်ဝှက်၍သယ်လာသည့် ချေမှုန်းရေးရိုင်ဖယ်အမျိုးအစား(သေနတ်အသစ်) ၃ လက်နှင့်ခဲယမ်းများအား ထပ်မံဖမ်းဆီးရမိခဲ့သည်။

PDF အဖွဲ့ဝင်များက ခရီးသည်တင်ကားများအား အကာအကွယ်ယူဓားစာခံပြုလုပ်၍ ၎င်းတို့၏ အကြမ်းဖက်လုပ်ရပ်များကို လုပ်ဆောင်လာကြကာ ပြီးခဲ့သည့်ရက်အတွင်းကလည်း Elite ခရီးသည်တင်ကားအား တိုက်ခိုက်ဖမ်းဆီးခြင်း၊ ရန်ကုန်တိုင်းအတွင်း၌လည်း YBS ခရီးသည်တင်ကားများကို တိုက်ခိုက်ခြင်းများ ပြုလုပ်လျက်ရှိသည်ဟု နစက မှထုတ်ပြန်ခဲ့သည်။

ထို့ကြောင့် ခရီးသွားများနှင့်ယာဉ်လိုင်းများ အနေဖြင့် မသင်္ကာဖွယ်ရာများတွေ့ရှိရပါက လုံခြုံရေးအဖွဲ့ဝင်များနှင့်ပူးပေါင်းဆောင်ရွက်ကြရန် နစက ၏ထုတ်ပြန်ချက်အရ သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here