ဘီလ်ဂိတ်သည် တောင်ကိုရီးယားနှင့် ကမ္ဘာလုံးဆိုင်ရာ ကျန်းမာရေး ပူးပေါင်းဆောင်ရွက်မှု တိုးချဲ့
ဆိုးလ်၊ သြဂုတ် ၁၆
တောင်ကိုရီးယားသည် မိုက်ခရိုဆော့ဖ် ကော်ပိုရေးရှင်းကို ပူးတွဲတည်ထောင်သူ ဘီလျံနာသူဌေးကြီး ဘီလ်ဂိတ် တည်ထောင်ထားသော ဖောင်ဒေးရှင်းနှင့်အတူ ၎င်း၏ ကမ္ဘာလုံးဆိုင်ရာ ကျန်းမာရေး ပူးပေါင်းဆောင်ရွက်မှုကို တိုးချဲ့ရန် ဩဂုတ်လ ၁၆ ရက် အင်္ဂါနေ့တွင် သဘောတူညီခဲ့ကြသည်။
ဘီလ်ဂိတ်သည် တောင်ကိုရီးယားသို့ တနင်္လာနေ့ ညနေပိုင်းတွင် ရောက်ရှိခဲ့ပြီး ကမ္ဘာလုံးဆိုင်ရာကျန်းမာရေး အစီအစဉ်များတွင် ပိုမိုအရေးပါသော အခန်းကဏ္ဍမှ ပါဝင်ရန်နှင့် အကူအညီများ တိုးမြှင့်ပေးရန် ဆိုးလ်အစိုးရကို တောင်းဆိုခဲ့ပြီးနောက် အဆိုပါ သဘောတူညီချက် ထွက်ပေါ်လာခြင်းဖြစ်သည်။
အဆိုပါ သဘောတူညီချက်တွင် ဘီလ်နှင့် မယ်လင်ဒါ ဂိတ် ဖောင်ဒေးရှင်းနှင့် တောင်ကိုရီးယားနိုင်ငံတို့ကြား တစ်ကမ္ဘာလုံးဆိုင်ရာ ကျန်းမာရေး သုတေသနရန်ပုံငွေကဲ့သို့သော စီမံကိန်းများတွင် ပုဂ္ဂလိကနှင့် အစိုးရကဏ္ဍဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု ပိုမိုအားကောင်းလာစေရန်နှင့် CEPI အပါအဝင် ကျန်းမာရေးအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရန်တို့ ပါဝင်ကြောင်း တောင်ကိုရီးယား နိုင်ငံခြားရေးနဲ့ ကျန်းမာရေး ဝန်ကြီးဌာနတွေက ကြေညာချက်တစ်ခုတွင် ပြောကြားခဲ့သည်။
ကူးစက်ရောဂါကြိုတင်ပြင်ဆင်မှုဆိုင်ရာ ဆန်းသစ်တီထွင်မှုများအတွက် ပူးပေါင်းထားသည့် အဖွဲ့ (CEPI) သည် အနာဂတ်တွင် ဖြစ်ပေါ်လာမည့် ကပ်ရောဂါများကို တိုက်ဖျက်နိုင်မည့် ကာကွယ်ဆေးများ တီထွင်ရန်အတွက် အစိုးရ၊ ပုဂ္ဂလိက၊ ပရဟိတနှင့် အရပ်ဘက်အဖွဲ့အစည်းများနှင့် ပူးတွဲလုပ်ဆောင်နေသည့် အဖွဲ့ဖြစ်သည်။
“ဒါဟာ ကမ္ဘာလုံးဆိုင်ရာ ကျန်းမာရေးအတွက် အကျပ်အတည်းကာလပါပဲ။ အခုအချိန်ဟာ ကိုရီးယားနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ အားကောင်းအောင်လုပ်ဖို့နဲ့ ရောဂါတိုက်ထုတ်ဖို့အတွက် ကိရိယာအသစ်တွေ၊ အရင်းအမြစ်အသစ်တွေ လိုအပ်နေသူတွေကို အကူအညီနဲ့ အကြံဉာဏ်ကောင်းတွေ ပေးစွမ်းနိုင်ဖို့ ကောင်းမွန်တဲ့ အချိန်ကာလလည်း ဖြစ်ပါတယ်” ဟု ဂိတ်က အင်္ဂါနေ့ နံနက်ပိုင်း အမျိုးသားလွှတ်တော်၌ မိန့်ခွင်းပြောရာတွင် ပြောကြားခဲ့သည်။
ဘီလ်ဂိတ်က တောင်ကိုးရီးယား အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ကင်မ်ဂျင်ပြို နှင့် အခြားသော လွှတ်တော်အမတ်များနှင့် တွေ့ဆုံစဉ် ဆင်းရဲသော နိုင်ငံများ၌ ကျန်းမာရေး အခြေအနေများ တိုးတက်ကောင်းမွန်လာစေရန်နှင့် ကပ်ရောဂါကို တားဆီးကာကွယ်ရန် ကူညီပေးနေသည့် အဖွဲ့များအတွက် ရန်ပုံငွေ တိုးမြှင့်ပေးရန် တောင်းဆိုခဲ့သည်။
ထို့နောက် ဂိတ်သည် သမ္မတ ယွန်းဆော့ယိုနှင့် တွေ့ဆုံခဲ့ရာ ယွန်းက တောင်ကိုရီးယားအစိုးရသည် အရည်အသွေးမြင့် ဇီဝကျန်းမာရေးနည်းပညာများကို မြှင့်တင်ရန်အတွက် ဂိတ် ၏ ဖောင်ဒေးရှင်းနှင့် ပူးပေါင်းဆောင်ရွက်လိုကြောင်း ပြောကြားခဲ့သည်။
Source: Reuters