ကျိုက်မရောမြို့နယ်တွင် မိုးသည်းထန်စွာရွာသွန်းပြီး မြစ်ရေမြင့်တက်ကာ ရေဝင်ရောက်ခဲ့သည့်နေအိမ်များမှ လူဦးရေ ၄၇ ဦးအားရွှေ့ပြောင်းပေးထားရ

0
242

ကျိုက်မရောမြို့နယ်တွင် မိုးသည်းထန်စွာရွာသွန်းပြီး မြစ်ရေမြင့်တက်ကာ ရေဝင်ရောက်ခဲ့သည့်နေအိမ်များမှ လူဦးရေ ၄၇ ဦးအားရွှေ့ပြောင်းပေးထားရ

မွန်ပြည်နယ်၊ကျိုက်မရောမြို့နယ်တွင် မိုး သည်းထန်စွာရွာသွန်းမှုကြောင့် အတ္တရံမြစ်ရေမှာမြင့်တက်လာခဲ့သဖြင့် နေအိမ်များအတွင်းသို့ ရေဝင်ရောက်မှုများဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

အတ္ထရံမြစ်ကမ်းအနီးတွင် ဆောက်လုပ်ထားသည့် နေအိမ်များအတွင်းနှင့်မြစ်ကမ်းအနီးရှိ အနိမ့်ပိုင်းရပ်ကွက်များ၏ နေအိမ်များအတွင်းသို့ ရေဝင်ရောက်လျက်ရှိခြင်းဖြစ်သည်။

ထို့ကြောင့် ရေဝင်ရောက်မှုများပြားသည့် နေအိမ် ၁၂ လုံးမှ အမျိုးသား ၂၀ ဦးနှင့်အမျိုးသမီး ၂၇ ဦး(စုစုပေါင်း ၄၇ ဦး)တို့အား မီးသတ်တပ်ဖွဲ့ဝင်များ၊လူမှုကူညီရေးအသင်းများနှင့်တာဝန်ရှိသူများက ကျိုက်မရောမြို့၊စက်လမ်းဝရှိ ရသေ့တိုက်ကျောင်းသို့ ယာယီရွှေ့ပြောင်းပေးခဲ့ရကြောင်း သိရသည်။

“လတ်တလောရွှေ့ပေးထားတာ ၄၇ ယောက်ပေါ့ ရေသိပ်မဝင်သေးတဲ့အိမ်တွေကတော့ အခြေအနေကိုစောင့်ကြည့်နေကြတယ် မိုးကတော့ သြဂုတ် ၁၆ ရက်ထဲကစရွာတာမှာ ခုချိန်ထိမတိတ်သေးဘူး ရွာလိုက် ခနတိတ်လိုက်ပဲဖြစ်နေတယ် ယာယီရွှေ့ပေးထားတဲ့နေရာမှာ ရေဘေးရှောင်တွေ တော်တော်များများရောက်နေပါတယ်”ဟု လူမှုကူညီရေးအသင်းဝင်တစ်ဦးကပြောသည်။

လက်ရှိတွင် ရေဝင်ရောက်မှုများနေသည့် နေရာများမှာ အတ္တရံမြစ်ကမ်းနားရှိနေအိမ်များနှင့်မြစ်ကမ်းနားရှိအနိမ့်ပိုင်းရပ်ကွက်များ၊ကလိုင်းကျေးရွာ၊ပက်ကလက် ကျောက်တောင်လမ်းမကြီးပေါ်ရှိ အလုပ်သမားများနေထိုင်သည့် နေရာများ၌ ရေများဝင်ရောက်လျက်ရှိသည်။

ရေဝင်ရောက်မှုကြောင့် ရသေ့တိုက်ကျောင်း၌ ယာယီခိုလှုံနေရသူများနှင့်ရေဝင်ရောက်မှုဖြစ်ပေါ်နေသည့် ရပ်ကွက်များ၌ နေထိုင်သူများအား ကျိုက်မရောလူငယ်ပရဟိတလူငယ်များအဖွဲ့က ဆန်၊သောက်ရေသန့်နှင့်စားသောက်ကုန်များအား ထောက်ပံ့ပေးခဲ့ကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here