နူးဇီလန်တွင် သုံးရက်ဆက်တိုက် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရာနှင့်ချီသော နေအိမ်များ ဘေးလွတ်ရာသို့ ရွှေ့ပြောင်းခဲ့ရ

0
182

နူးဇီလန်တွင် သုံးရက်ဆက်တိုက် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရာနှင့်ချီသော နေအိမ်များ ဘေးလွတ်ရာသို့ ရွှေ့ပြောင်းခဲ့ရ

ဝဲလင်တန်၊ ဩဂုတ် ၁၈ 

နူးဇီလန်နိုင်ငံရှိ တောင်ကျွန်း၏ အနောက်ဘက်နှင့် မြောက်ဘက်တို့တွင် ဩဂုတ်လ ၁၈ ရက် ကြာသပတေးနေ့အထိ သုံးရက်ဆက်တိုက် မိုးသည်းထန်စွာရွာသွန်းခဲ့သဖြင့် ရာနှင့်ချီသော နေအိမ်များကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းခဲ့ရပြီး လမ်းများနှင့် ကျောင်းများ ပိတ်ထားရကာ မြေပြိုမှုများလည်း ဖြစ်ပွားခဲ့ကြောင်း သိရသည်။

နိုင်ငံပိုင် မိုးလေဝသဌာန ဖြစ်သည့် မက်ဆားဗစ်၏ အချက်အလက်များအရ တောင်ကျွန်း၏ မြောက်ဘက်တွင် လွန်ခဲ့သည့် ၂၄ နာရီအတွင်း မိုးရေချိန် ၃၀၀ မီလီမီတာ (၁၁ ဒသမ ၈ လက်မ) ကျော်ရရှိခဲ့ကြောင်း သိရသည်။

တောင်ကျွန်း၏ အနောက်ဘက်နှင့် မြောက်ကျွန်း၏ မြောက်ဘက်တို့တွင် မိုးသည်းထန်စွာရွာနိုင်ကြောင်း မက်ဆားဗစ်က သတိပေးချက်ထုတ်ပြန်ထားသည်။

တောင်ကျွန်းရှိ နယ်လ်ဆင်မြို့၌ အင်္ဂါနေ့ နေ့လယ်ပိုင်း မှစတင်၍ မိုးရေချိန် ၁၀၆ မီလီမီတာထိမိုးရွာသွန်းခဲ့ပြီး ဩဂုတ်တစ်လလုံး ရွာသွန်းလေ့ရှိသော ပျမ်းမျှမိုးရေချိန် ၈၀ မီလီမီတာထက် ပိုမိုများပြားနေကြောင်း မက်ဆားဗစ်၏ အချက်အလက်များက ဖော်ပြထားသည်။

လူဦးရေ ငါးသောင်းကျော် နေထိုင်သည့် နယ်လ်ဆင်မြိုရှိ အိမ်ခြေ ၂၃၀ ကျော်ကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းထားပြီးဖြစ်ကာ အများပြည်သူဆိုင်ရာ အဆောက်အအံုများနှင့် လမ်းများကိုလည်း ပိတ်ထားရကြောင်း အာဏာပိုင်များက ပြောကြားခဲ့သည်။

နယ်လ်ဆင်မြို့တော်ကောင်စီ၏ ဝက်ဘ်ဆိုက်တွင် မိုးဆက်လက်ရွာသွန်းပါက မြေပြိုခြင်း၊ ရေကြီးခြင်းနှင့် ဘေးလွတ်ရာ ရွှေ့ပြောင်းခြင်းများ ပိုမိုဖြစ်လာနိုင်ကြောင်း သတိပေးထားသည်။

နယ်လ်ဆင်၏ မြို့တော်ဝန် ရေချယ် ရိစ့်က မိုးရွာသွန်းမှုကြောင့် ကြီးကြီးမားမား ပျက်စီးဆုံးရှုံးမှုမရှိခဲ့သော်လည်း ရေဆိုးရေညစ်များ လျှံတက်လာခြင်းကိုမူ ဖြေရှင်းနေရကြောင်း ပြောကြားခဲ့သည်။

Source: ရိုက်တာ


LEAVE A REPLY

Please enter your comment!
Please enter your name here