တောင်ကိုရီးယားသမ္မတအား နျူလက်နက်ဖျက်သိမ်းရေးနှင့် ပတ်သက်၍ ရေငုံနှုတ်ပိတ်နေရန် မြောက်ကိုရီးယား ပြော
ဆိုးလ်၊ ဩဂုတ် ၁၉
မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်း၏ ညီမ ကင်မ်ယိုဂျုံက တောင်ကိုရီးယားသမ္မတ ယွန်းဆော့ယိုအား မြောက်ကိုရီးယား၏ နျူလက်နက်ဖျက်သိမ်းရေးနှင့် ပတ်သက်၍ ရေငုံနှုတ်ပိတ်နေသင့်ကြောင်း ဩဂုတ်လ ၁၉ ရက် သောကြာနေ့တွင် ပြောကြားခဲ့သည်။
အဆိုပါ မှတ်ချက်သည် ဗုဒ္ဓဟူးနေ့၌ ပြုလုပ်ခဲ့သော ယွန်း၏ ပထမဆုံး သမ္မတ သက်တမ်း ရက် ၁၀၀ ပြည့် အထိမ်းအမှတ် သတင်းစာရှင်းလင်းပွဲတွင် ယွန်းက မြောက်ကိုရီးယားအား ၎င်း၏ နျူလက်နက်များ ဖျက်သိမ်းပေးပါက တောင်ကိုရီးယားနိုင်ငံအနေဖြင့် စီးပွားရေးအရ အကူအညီများ ပြန်လည်ပေးအပ်သွားမည်ဟု ထပ်မံပြောကြားခဲ့ပြီးနောက် ထွက်ပေါ်လာခြင်းဖြစ်သည်။
ယွန်းသည် မေလတွင်လည်း အဆိုပါ နျူလက်နက်ဖျက်သိမ်းရေး အစီအစဉ်အား အဆိုပြုခဲ့ဖူးသည်။
ကင်မ်ယိုဂျုံ၏ အဆိုပါ မှတ်ချက်သည် မြောက်ကိုရီးယား အကြီးတန်း အရာရှိတစ်ဦးက တောင်ကိုရီးယားသမ္မတ ယွန်း၏ ပြောကြားချက်နှင့် ပတ်သက်၍ ပထမဆုံးအကြိမ် တိုက်ရိုက်မှတ်ချက်ပေးခြင်း ဖြစ်သည်။
“အဲဒီလိုတွေ ပြောနေမယ့်အစား ရေငုံနှုတ်ပိတ်နေလိုက်တာက သူ့ဂုဏ်သိက္ခာအတွက် ပိုအဆင်ပြေမှာပါ”ဟု ကင်ယိုဂျုံက ပြောကြားခဲ့ကြောင်း နိုင်ငံပိုင်သတင်းဌာန KNCA ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
မြောက်ကိုရီးယားသည် ၎င်း၏ နျူကလီးယားလက်နက်များကို စီးပွားရေးပူးပေါင်းဆောင်ရွက်မှုအတွက် ဖျက်သိမ်းမည်ဟု ထင်နေသော ယွန်းအား ရိုးအပြီး ကလေးဆန်သည်ဟု ကင်မ်ယိုဂျုံက ဆိုသည်။
“တိုင်းပြည်ရဲ့ ကံကြမ္မာနဲ့ ပြောင်းဖူးကိတ်မုန့်ကို မလဲနိုင်”ဟု ၎င်းက ထည့်သွင်းပြောကြားခဲ့သည်။
မြောက်ကိုရီးယား ဆက်ဆံရေးကို ကိုင်တွယ်နေသည့် တောင်ကိုရီးယား၏ ပြန်လည်ပေါင်းစည်းရေး ဝန်ကြီးက ကင်မ်၏ မှတ်ချက်များသည် အလွန် လေးစားမှုမရှိဘဲ မယဥ်ကျေးရာကျလွန်းသည်ဟု ပြောဆိုခဲ့သည်။
Source: CNA