ရှီနှင့် ပူတင်တို့ G 20 ထိပ်သီးအစည်းအဝေးသို့ တက်ရောက်မည်ဟု ဂျိုကိုဝီဒိုဒို ပြော

0
192

ရှီနှင့် ပူတင်တို့ G 20 ထိပ်သီးအစည်းအဝေးသို့ တက်ရောက်မည်ဟု ဂျိုကိုဝီဒိုဒို ပြော

တရုတ်နှင့် ရုရှား ခေါင်းဆောင်များဖြစ်သည့် ရှီကျင့်ဖျင်နှင့် ဗလာဒီမာပူတင်တိုသည် နို၀င်ဘာလ၌ ဘာလီတွင်ကျင်းပမည့် G20 ထိပ်သီးအစည်းအဝေးသို့ တက်ရောက်သွားမည်ဖြစ်ကြောင်း အင်ဒိုနီးရှားသမ္မတ ဂျိုကိုဝီဒိုဒိုက ဘလွန်းဘတ် သတင်းဌာနသို့ သြဂုတ် ၁၈ ရက် ကြာသပတေးနေ့တွင် ပြောကြားခဲ့သည်။

“ရှီကျင့်ဖျင် လာမယ်။ သမ္မတပူတင်ကလည်း သူလာမယ်လို့ ကျွန်တော်ကို ပြောထားပါတယ်” ဟု ဂျိုကိုဝီက ဘလွန်းဘတ်သို့ ပြောကြားခဲ့သည်။

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနသည် ရိုက်တာသတင်းဌာန၏ မှတ်ချက်ပေးရန် တောင်းဆိုချက်ကို ချက်ချင်း တုံပြန်ခြင်းမရှိခဲ့ချေ။ အလားတူ အင်ဒိုနီးရှား သမ္မတအိမ်တော်မှ တာဝန်ရှိသူများကလည်း အဆိုပါကိစ္စနှင့် ပတ်သက်၍ မှတ်ချက်ပေးခြင်းများ မရှိခဲ့ပေ။

ကရင်မလင်းခေါင်းဆောင် ပူတင်၏ ပြောရေးဆိုခွင့်ရှိသူက မှတ်ချက်ပေးရန် ငြင်းဆိုခဲ့သော်လည်း အဆိုပါကိစ္စနှင့် ရင်းနှီးကျွမ်းဝင်သည့် အခြားအရာရှိတစ်ဦးက ပူတင်သည် ယခုလက်ရှိ အစည်းအဝေးသို့ လူကိုယ်တိုင်တက်ရောက်ရန် စီစဉ်နေကြောင်း အတည်ပြုခဲ့သည်။

ပူတင်နှင့် ဂျိုကိုဝီတိုသည် ဘာလီ၌ ကျင်းပမည့် G20 ထိပ်သီးအစည်းအဝေးအတွက် ကြိုတင်ပြင်ဆင်ရမည့်အရာများကို ကြာသပတေးနေ့တွင် ဖုန်းခေါ်ဆိုကာ ဆွေးနွေးခဲ့ကြကြောင်း ကရင်မလင်းက ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ သို့ရာတွင် အဆိုပါအစည်းအဝေးသို့ ရုရှားခေါင်းဆောင် တက်ရောက်မည်၊ မတက်ရောက်မည်ကိုမူ ဖော်ပြထားခြင်း မရှိပေ။

ယူကရိန်းသမ္မတကိုလည်း ဘာလီသို့ လာရောက်ရန် ဖိတ်ကြားထားသောကြောင့် အကယ်၍အဆိုပါ အစည်းအဝေးပွဲသို့ ပူတင်တက်ရောက်ပါက ရုရှား-ယူကရိန်း အရေးအခင်း နောက်ပိုင်း ဇလန်းစကီးနှင့် ပူတင်တို့နှစ်ဦး ပထမဆုံးအကြိမ် မျက်နှာချင်းဆိုင် တွေ့ဆုံမည့် အစည်းအဝေး ဖြစ်လာနိုင်သည်။

အင်ဒိုနီးရှားသည် အဓိကစီးပွားရေးအင်အားကြီး နိုင်ငံ ၂၀ (G20) အဖွဲ့၏ ဥက္ကဌအဖြစ် ဆောင်ရွက်နေပြီး ၎င်း၏အစိုးရသည် ယူကရိန်းအရေးအခင်းကြောင့် ပူတင်အား ဖိတ်ကြားထားသည်ကို ရုပ်သိမ်းရန်အတွက် အနောက်နိုင်ငံများ၏ ဖိအားပေးခြင်းများကို ရင်ဆိုင်နေရသည်။

Source: CNA/ SouthChinaMorningPost


LEAVE A REPLY

Please enter your comment!
Please enter your name here