ကမ္ဘောဒီးယားကလေးငယ်များအတွက် စပိန်ကကိုဗစ်ကာကွယ်ဆေးလှူဒါန်း

0
127

ကမ္ဘောဒီးယားကလေးငယ်များအတွက် စပိန်ကကိုဗစ်ကာကွယ်ဆေးလှူဒါန်း

 

စပိန်အစိုးရသည် ကမ္ဘောဒီးယားကလေးငယ်များအတွက် ကိုဗစ်ကာကွယ်ဆေး အလုံးရေသုံးသိန်းကိုလှူဒါန်းခဲ့ကြောင်းသိရှိရသည်။ကမ္ဘောဒီးယားနိုင်ငံဆိုင်ရာ စပိန်သံရုံးတာဝန်ခံ ခရစ္စတီးနားအဂူဆာက ဝန်ကြီးချုပ်ဟွန်ဆန်အား ယမန်နေ့က ငြိမ်းချမ်းရေးနန်းတော်၌ ကာကွယ်ဆေးများကို ပေးအပ်ခဲ့သည်။

ကမ္ဘောဒီးယားနိုင်ငံ၏ ကိုဗစ်တိုက်ဖျက်ရေးအတွက် ယခုကဲ့သို့ကူညီပံ့ပိုးပေးခဲ့သော စပိန်ပြည်သူများနှင့်အစိုးရအပြင် အခြားဉရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံများကိုလည်း ကျေးဇူးတင်ကြောင်းမစ္စတာဟွန်ဆန်က ပြောကြားခဲ့သည်။

“အထူးသဖြင့် ကလေးငယ်များအတွက် ကာကွယ်ဆေးများနှင့် နည်းပညာဆိုင်ရာအကူအညီများပေးခြင်းဖြင့် ကမ္ဘောဒီးယား၏ လူမှုစီးပွားဘဝပြန်လည်ဦးမော့လာစေရန် ယခုကဲ့သို့ကူညီခြင်းအတွက် ကျေးဇူးတင်ပါသည်” ဟု ပြောကြားခဲ့သည်။

ဆက်လက်၍ဝန်ကြီးက ကမ္ဘောဒီးယားနိုင်ငံသည် ကာကွယ်ဆေးထိုးနှံခြင်းအားဖြင့် ရည်မှန်းချက်များစွာကို အကောင်အထည်ဖော်နိုင်ခဲ့ပြီး ရောဂါပြန့်ပွားမှုကိုကာကွယ်ရန် ခိုင်မာသောအတားအဆီးတစ်ခုကို တည်ဆောက်နိုင်ခဲ့ကြောင်းလည်း ၎င်းကပြောကြားခဲ့သည်။

“အခုလိုကာကွယ်ဆေးကို သေသေချာချာထိုးပေးထားနိုင်တော့ ကိုဗစ်ကြောင့်ဖြစ်တဲ့ပြင်းထန်ဖျားနာမှုတွေနဲ့ သေဆုံးမှုတွေကို တော်တော်ထိထိရောက်ရောက်ကာကွယ်နိုင်ခဲ့ပါတယ်” ဟု လည်း၎င်းကဆိုသည်။နိုင်ငံအတွင်းကိုဗစ်ကူးစက်မှု သိသိသာသာကျဆင်းသွားသော်လည်း ဗိုင်းရပ်စ်သည်အရှင်းပျောက်သွားခြင်းမျိုးမဟုတ်ကြောင်းလည်း မစ္စတာဟွန်ဆန်ကပြောကြားခဲ့သည်။

“ကိုဗစ်ဟာ တစ်ကမ္ဘာလုံးမှာ မျိုးကွဲတွေအများကြီးရှိနေပြီး ပြန့်ပွားနေဆဲမို့ ကမ္ဘောဒီးယားနဲ့တခြားနိုင်ငံတွေအကြား နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုနဲ့အကူအညီတွေကို အရင်ကထက်ပိုတိုးမြှင့်တမှာဖြစ်ပါတယ်” ဟု ဝန်ကြီးချုပ်ကဆိုခဲ့သည်။ပြည်သူ့ကျန်းမာရေးနှင့်လူမှုဖူလုံရေးသည် အစိုးရအတွက် ပထမဦးစားပေးဖြစ်သည်ဟုလည်း ၎င်းကထပ်လောင်းပြောကြားခဲ့သည်။

မစ္စ ခရစ္စတီးနားအဂူဆာကမူ ကိုဗစ်ကာကွယ်ဆေးများကိုကူညီခြင်းသည် နှစ်နိုင်ငံကျန်းမာရေးဝန်ကြီးဌာနများနှင့် ကုလသမဂ္ဂ၏ ကယ်ဆယ်ရေးနှင့်လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများအတွက် ညှိုနှိုင်းဆောင်ရွက်ရေးအပါအဝင် အရပ်ဘက်ကာကွယ်ရေးယန္တရားတို့အပေါ် မူတည်၍ လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

“ကိုဗစ်တိုက်ဖျက်‌ေရးအောင်မြင်တဲ့အတွက် ကမ္ဘောဒီးယားအစိုးရကို ကျွန်မဂုဏ်ပြုချင်ပါတယ်။နိုင်ငံ့အစိုးရတစ်ရပ်အနေနဲ့ ကမ္ဘောဒီးယားပြည်သူတွေကိုရော နိုင်ငံသားမဟုတ်သူတွေကိုပါ အတတ်နိုင်ဆုံးကာကွယ်ပေးခဲ့တဲ့အတွက် စပိန်အနေနဲ့ကမ္ဘောဒီးယားကို ကူညီရလို့အလွန်ဂုဏ်ယူဝမ်းမြောက်ရပါတယ်” ဟု လည်းသူမကပြောကြားခဲ့သည်။

Source – Khmer Times


LEAVE A REPLY

Please enter your comment!
Please enter your name here