ယူကရိန်းဇာပိုရီရှီအာနျူစက်ရုံအား စစ်ကင်းမဲ့ဇုန်အဖြစ်တောင်းဆိုမှု ရုရှားပယ်ချ

0
148

ယူကရိန်းဇာပိုရီရှီအာနျူစက်ရုံအား စစ်ကင်းမဲ့ဇုန်အဖြစ်တောင်းဆိုမှု ရုရှားပယ်ချ

ယူကရိန်းနိုင်ငံတောင်ပိုင်း ဇာပိုရီရှီအာနျူဓာတ်ပေါင်းဖို အနီးတစ်ဝိုက်ဧရိယာအား စစ်ရေးကင်းမဲ့ဇုန်အဖြစ်ထားရှိရန် ယူကရိန်း၏ တောင်းဆိုမှုကို ရုရှားကပယ်ချခဲ့သည်။ယခုလုပ်ဆောင်ချက်သည် စက်ရုံကိုပိုမိုအားနည်းစေသည်ဟုလည်း ရုရှားအရာရှိတစ်ဦးက ပြောကြားခဲ့သည်။

အဆိုပါဧရိယာအား ဗုံးကြဲတိုက်ခိုက်သည်ဟု နှစ်ဖက်စလုံးက အပြန်အလှန်စွပ်စွဲထားသဖြင့် ဥရောပ၏အကြီးဆုံး နျူကလီးယားစက်ရုံဖြစ်သည့် ဇာပိုရီရှီအာအတွက် ယခုလိုရှုပ်ထွေးမှုများက အထူးစိုးရိမ်စရာဖြစ်လာသည်။

CNN ၏ ပြောကြားချက်အရ နျူစက်ရုံသည် ယူကရိန်းဝန်ထမ်းများဖြင့်လည်ပတ်နေပြီး မတ်လကတည်းက ရုရှား၏ထိန်းချုပ်မှု‌အောက်တွင် ရှိနေခဲ့ခြင်းဖြစ်သည်ဟုသိရသည်။၎င်းသည် ဖေဖော်ဝါရီ ၂၄ ရက်က ယူကရိန်းသို့ ကျူးကျော်ပြီးနောက် ရုရှားတပ်များ သိမ်းပိုက်ခဲ့သော ပထမဆုံးနေရာများထဲမှ တစ်ခုလည်းဖြစ်သည်။


လဗီးမြို့၌ တူကီယေးသမ္မတ အာဒိုဂန်နှင့်ယူကရိန်းသမ္မတ ဗလာဒီမာဇလန်းစကီးတို့ ကြာသပတေးနေ့တွင် တွေ့ဆုံပြီးနောက်၊ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာရက်စ်က ဇာပိုရီရှီအာကို အန္တရာယ်ပြုတိုက်ခိုက်ခြင်းသည် မိမိကိုယ်ကို ကြိုးကွင်းစွပ်သတ်‌သေခြင်းမျိုးပင်ဖြစ်လိမ့်မည် ဟုလည်းသတိပေးခဲ့သည်။

ဥရောပရှိ အကြီးဆုံးနျူကလီးယားဓာတ်အားပေးစက်ရုံကို စစ်ကင်းမဲ့ဇုန်ဖြစ်ရန်လိုအပ်သည်ဟု ယူကရိန်းသမ္မတက ကုလသမဂ္ဂကိုပန်ကြားခဲ့ပြီး အဆိုပါ အဆောက်အအုံအား စစ်ရေးလှုပ်ရှားမှုများ၏ အစိတ်အပိုင်းအဖြစ် အသုံးမပြုရဟု ဂူတာရက်စ်ကလည်း ဆက်ပြောခဲ့သည်။

ကုလအတွင်းရေးမှူးချုပ်ကဲ့သို့ပင် တူကီယေးသမ္မတ အာဒိုဂန်ကလည်း ဇာပိုရီရှီအာအား ဒုတိယရှာနိုဘိုင်းလ်ဖြစ်လာမည်ကို စိုးရိမ်မိကြောင်း ပြောကြားခဲ့သည်။

ရုရှားထိန်းချုပ်မှုအောက်ရှိ နျူစက်ရုံ၌ အလုပ်လုပ်နေသော ယူကရိန်းဝန်ထမ်းများက အဆိုပါစက်ရုံသည် “စစ်ရေးဆိုင်ရာ တိုက်ခိုက်မှုများ၏ အဓိက အကြောင်းအရင်းဖြစ်ကြောင်း” ပြောခဲ့ပြီး စက်ရုံ၌နျူမတော်တဆမှု ဖြစ်နိုင်သည်ကိုစိုးရိမ်ကြောင်း လွန်ခဲ့သည့်သီတင်းနှစ်ပတ်က ထုတ်ဖော်ပြောကြားခဲ့ပြီးနောက် ယခုလိုစစ်ကင်းမဲ့ဇုန်သတ်မှတ်‌ပေးရန် တောင်းဆိုမှုပြုလုပ်ခဲ့ခြင်းဖြစ်သည်။

Source – Wio News


LEAVE A REPLY

Please enter your comment!
Please enter your name here