ယူကရိန်းက ရုရှားတပ်ဖွဲ့ဝင်အချို့အားအဆိပ်ခတ်သည်ဟု ရုရှားစွပ်စွဲ

0
210

ယူကရိန်းက ရုရှားတပ်ဖွဲ့ဝင်အချို့အားအဆိပ်ခတ်သည်ဟု ရုရှားစွပ်စွဲ 

ယူကရိန်းနိုင်ငံအရှေ့တောင်ပိုင်းဒေသရှိ ရုရှားထိန်းချုပ်ထားသော ဇာပိုရီရှီအာနျူစက်ရုံ၌ ၎င်း၏စစ်သားအချို့အား အဆိပ်ခတ်ခဲ့သည်ဟု ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ဩဂုတ်လ ၂၀ ရက် စနေနေ့ကယူကရိန်းအားစွပ်စွဲခဲ့သည်။

အဆိုပါစွပ်စွဲချက်ကို ယူကရိန်းပြည်ထဲရေးဝန်ကြီးဌာန၏ အကြံပေးတစ်ဦးက ရုရှားစစ်သားများသည် သက်တမ်းလွန်နေသည့် စည်သွတ်ဗူးများကိုစားသုံးခြင်းကြောင့်သာ အဆိပ်သင့်ခဲ့ခြင်းဖြစ်နိုင်သည်ဟု တုံ့ပြန်ပြောကြားခဲ့သည်။

ရုရှားကာကွယ်ရေးဝန်ကြီးဌာန၏ပြောကြားချက်အရ ဇူလိုင်လကအဆိပ်သင့်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ရုရှားစစ်သားအများအပြားသည် ပြင်းထန်သောအဆိပ်သင့်လက္ခဏာများခံစားခဲ့ရသဖြင့် ဇူလိုင်လ ၃၁ ရက်နေ့က စစ်ဆေးရုံသို့ပို့ဆောင်ပေးခဲ့ရသည် ဟုဆိုသည်။

ဆေးစစ်ချက်ရလဒ်များအရ အဆိုပါတပ်သားများ၏ ခန္ဓာကိုယ်တွင်း၌ အဆိပ်ဖြစ်စေနိုင်သည့် Botulinum B အမျိုးအစားပါဝင်နေသည်ကို စစ်ဆေးတွေ့ရှိရသည်ဟု ကာကွယ်ရေးဝန်ကြီးဌာနကဆိုသည်။

ယူကရိန်းသမ္မတဗလာဒီမာဇလန်းစကီးက ဓာတုအကြမ်းဖက်ဝါဒကိုပိတ်ဆို့ထားသည့်အတွက်ယခုဖြစ်ရပ်၌ သက်သေအထောက်အထားခိုင်လုံအောင်ပြင်ဆင်နေကြောင်း ရုရှား၏ထုတ်ပြန်ချက်တွင်ပါရှိသည်။

သို့သော်ယခုဖြစ်စဉ်နှင့်ပတ်သက်၍ ရုရှားစစ်သားမည်မျှထိခိုက်နစ်နာခဲ့သည်ကို ဝန်ကြီးဌာနကအသေးစိတ်မဖော်ပြသကဲ့သို့ ၎င်းတို့၏လက်ရှိအခြေအနေကိုလည်း မသိရပေ။ထို့အပြင်၎င်းတို့၌ မည်သို့သောသက်သေအထောက်အထားမျိုးရှိသည်ကိုလည်း အသေးစိတ်ရှင်းပြပြောဆိုခြင်းမျိုးမရှိပေ။

Botulinum toxin အမျိုးအစား B သည် မသန့်ရှင်းသောအစားအစာများကို စားသုံးမိသောအခါ အာရုံကြောစနစ်ကိုထိခိုက်စေနိုင်သည့် အစာအဆိပ်သင့်ခြင်းတစ်မျိုးဖြစ်သော်လည်း ၎င်းကိုဆေးကုသရနသုံးခြင်းမျိုးလည်းရှိသည်။

ယူကရိန်းပြည်ထဲရေးဝန်ကြီးဌာန အကြံပေးမစ္စတာ Anton Gerashchenko ကလည်း ရုရှား၏စွပ်စွဲချက်များနှင့်ပတ်သက်၍ တယ်လီဂရမ်တွင်မှတ်ချက်ပြုပြောကြားခဲ့သည်။၎င်းက ရုရှားဘက်မှစွပ်စွဲချက်သည် ရက်လွန်စည်သွတ်ဗူးများကြောင့်ဖြစ်ခြင်းဟုတ်မဟုတ် တိတိကျကျမသိရသေးခင်စွပ်စွဲခြင်းသာဖြစ်သည်ဟုဆိုပြီး၊ရက်လွန်နေသည့် ရိက္ခာများနှင့်ပတ်သက်၍လည်း ယူကရိန်းနှင့်စစ်စဖြစ်ကတည်းက ရုရှားစစ်သားများတွေ့ကြုံနေရသည့် ပြဿနာဖြစ်ကာ ရုရှားစစ်သားများကိုယ်တိုင်လည်း မကျေမချမ်းဖြစ်နေသည့် ကိစ္စတစ်ခုဖြစ်သည်ဟုပါရှိသည်။

သို့သော်ရုရှားဘက်ကလည်း ၎င်းတို့သိမ်းပိုက်ထားသည့် ယူကရိန်း Kherson ဒေသရှိ အရပ်ဘက်၊စစ်ဘက်အုပ်ချုပ်ရေးခေါင်းဆောင် မစ္စတာ Volodymyr Saldo ၏ နေထိုင်မကောင်းဖြစ်နေခြင်းနှင့်ပတ်သက်၍ နောက်ထပ်စုံစမ်းစစ်ဆေးမှုတစ်ခုပြုလုပ်နေကြောင်းလည်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။

Source – Wio News


LEAVE A REPLY

Please enter your comment!
Please enter your name here