ဖားကန့်မြို့နယ် မမုံကျေးရွာ၌ရောက်ရှိနေသည့် စစ်ဘေးရှောင်များအတွက် အရေးပေါ်အကူအညီများလိုအပ်နေ

0
293

ဖားကန့်မြို့နယ် မမုံကျေးရွာ၌ရောက်ရှိနေသည့် စစ်ဘေးရှောင်များအတွက် အရေးပေါ်အကူအညီများလိုအပ်နေ

ကချင်ပြည်နယ်၊ဖားကန့်မြို့နယ်၊မမုံကျေးရွာသို့ ရောက်ရှိနေသည့် စစ်ဘေးရှောင်များအတွက် စားနပ်ရိက္ခာနှင့်အရေးပေါ်အကူအညီများ လိုအပ်လျက်ရှိသည်ဟု လူမှုကူညီရေးအသင်းများမှ သိရသည်။

မမုံကျေးရွာသို့ ရောက်ရှိခိုလှုံနေသည့် စစ်ဘေးရှောင်များသည် ထိတွေ့တိုက်ပွဲများဖြစ်ပွားနေသည့် ဆယ်ဇင်းကျေးရွာနှင့်အနီးတဝိုက်ရှိ ကျေးရွာများတွင် နေထိုင်သူများဖြစ်ကြောင်း သိရသည်။

“စစ်ဘေးရှောင်လာကြတာဆိုတော့ အမြန်ထွက်လာကြတဲ့အခါ လိုအပ်တာလောက်တစ်နိုင်တစ်ပိုင်ပဲသယ်လာနိုင်ကြတယ် အဲဒီတော့ ဒီကိုရောက်လာတဲ့အချိန်မှာ သူတို့အတွက် လိုအပ်ချက်တွေအများကြီးဖြစ်လာတာပေါ့”ဟု လူမှုကူညီရေးအသင်းဝင်တစ်ဦးကပြောသည်။

လက်ရှိအချိန်၌ စစ်ဘေးရှောင်များအဖြစ်ရောက်ရှိလာသည့် ရွာသူ၊ရွာသား ၂၀၀ ကျော်အား မမုံကျေးရွာရှိ စာသင်ကျောင်း၌ ယာယီနေရာချထားပေးလျက်ရှိကြောင်း သိရသည်။

“တစ်ချို့ကတော့ ဒီရွာမှာအမျိုးရှိတယ်ဆိုရင် အဲဒီမှာသွားနေကြတယ် ဒါပေမယ့် အများစုကတော့ ယာယီစစ်ရှောင်စခန်းလုပ်ပေးထားတဲ့ စာသင်ကျောင်းမှာပဲ နေကြတယ် အဲဒီမှာကလူများလည်း နေရထိုင်ရတာအဆင်ပြေတယ်လေ”ဟု လူမှုကူညီရေးအသင်းဝင်တစ်ဦးကပြောသည်။

စစ်ဘေးရှောင်များအဖြစ်ရောက်ရှိလာသူများအတွက် အခင်းအဖြစ်အသုံးပြုရန် တာလပန်စများ၊စောင်၊ခြင်ထောင်၊ခေါင်းအုံးများမှာ အရေးပေါ်လိုအပ်လျက်ရှိပြီး အစားအသောက်များကျွေးမွေးရန်အတွက်လည်း လိုအပ်လျက်ရှိသည်ဟု သိရသည်။

“မိုးတွင်းဖြစ်တဲ့အတွက် ခြင်အန္တရာယ်ရှိတယ် စစ်ဘေးရှောင်တွေမှာ ကလေးတွေကော သက်ကြီးရွယ်အိုတွေကောပါလာတော့ သူတို့ကျန်းမာရေးအတွက် ခြင်ထောင်ကတော့အမြန်လိုတာပေါ့ နောက်ပြီး အဝတ်အထည်တွေလည်းလိုတယ် ဆေးဝါးလည်းလိုအပ်နေတယ်”ဟု လူမှုကူညီရေးအသင်းဝင်တစ်ဦးကပြောသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here