ဉရောပမိုးခေါင်ရေရှားမှုကြောင့် ဒုတိယကမ္ဘာစစ်သုံးသင်္ဘောများ၊ဗုံးများနှင့်သမိုင်းမတင်မီခေတ်ကျောက်တုံးများထွက်ပေါ်လာ

0
413

ဉရောပမိုးခေါင်ရေရှားမှုကြောင့် ဒုတိယကမ္ဘာစစ်သုံးသင်္ဘောများ၊ဗုံးများနှင့်သမိုင်းမတင်မီခေတ်ကျောက်တုံးများထွက်ပေါ်လာ

ဉရောပတစ်ဝန်း အပူရှိန်မြင့်တက်မှုနှင့်မိုးခေါင်မှုများကြောင့် မြစ်များနှင့်ရေကန်များတွင် ရေပမာဏအနည်းငယ်သာကျန်ရှိပြီး ကာလကြာမြင့်စွာကတည်းကနစ်မြုပ်နေသော ရတနာအချို့နှင့် သေစေနိုင်သည့်အန္တရာယ်ရှိသော အရာများကိုလည်းဖော်ထုတ်တွေ့ရှိခဲ့သည်။

စပိန်ရှေးဟောင်းသုတေသနပညာရှင်များသည် ဆယ်စုနှစ်အတွင်းအဆိုးရွားဆုံးမိုးခေါင်ရေရှားမှုနှင့်ကြုံတွေ့ကာ ရေလျော့ကျသွားသည့်ဆည်တစ်ခုအတွင်းမှ “Spanish Stonehenge” ဟု အမည်ပေးထားသည့် သမိုင်းမတိုင်မီခေတ်က ကျောက်တုံးကြီးတစ်တုံးပေါ်ပေါက်လာခြင်းကြောင့် ဝမ်းမြောက်နေကြကြောင်းသိရှိရသည်။

အများအားဖြင့် Dolmen of Guadalperal ဟု လူသိများသောထိုကျောက်တုံးများသည် လက်ရှိအချိန်၌ Caceres ပြည်နယ်အလယ်ပိုင်းရှိ Valdecanas ရေလှောင်ကန်၏ ထောင့်ဘက်၌အပြည့်အဝပေါ်ထွက်လာပြီး အဆိုပါရေကန်၏ရေပမာဏသည် ယခုအချိန်တွင် ၂၈ ရာခိုင်နှုန်းအထိကျဆင်းသွားသည်ဟု အာဏာပိုင်များကပြောကြားခဲ့သည်။

အဆိုပါကျောက်တုံးများကို ဂျာမန်သုတေသနပညာရှင် မစ္စတာ Hugo Obermaier က ၁၉၂၆ ခုနှစ်ကရှာဖွေတွေ့ရှိခဲ့သော်လည်း Francisco Franco ၏အာဏာရှင်စနစ်အောက်၌ ကျေးလက်ဖွံ့ဖြိုးရေးစီမံကိန်းတစ်ခုကြောင့် ၁၉၆၃ ခုနှစ်တွင် အဆိုပါဧရိယာသည်ရေလွှမ်းမိုးခဲ့ကာ ထိုအချိန်ကတည်းက ယနေ့အထိလေးကြိမ်သာအပြည့်အဝ မြင်ရဖူးသေးသည်။

ဉရောပ၏အထင်ကရမြစ်များထဲမှတစ်ခုအပါအဝင်ဖြစ်သည့် Danube မြစ်သည် ရာစုနှစ်တစ်ခုနီးပါးအတွင်း မိုးခေါင်မှုကြောင့်စံချိန်တင်ရေကျဆင်းသွားခဲ့ပြီး ဒုတိယကမ္ဘာစစ်အတွင်း ဂျာမန်စစ်သင်္ဘောအစီး ၂၀ ကျော်နစ်မြုပ်သွားခဲ့ဖူးကြောင်း ရှာဖွေတွေ့ရှိခဲ့သည်။

၁၉၄၄ ခုနှစ်တွင် နာဇီဂျာမန်ပင်လယ်နက်ရေယာဉ်စုသည် ဆိုဗီယက်တပ်များရှေ့မှဆုတ်ခွာလာစဉ် ရာနှင့်ချီသောသင်္ဘောများသည် Danube တစ်လျှောက်တွင်နစ်မြုပ်နေခဲ့သည်။အဆိုပါနစ်မြုပ်နေသောသင်္ဘောများသည် ရေကျချိန်တွင်မြစ်အတွင်းသွားလာမှုကို အနှောင့်အယှက်ဖြစ်နေဆဲဖြစ်သည်။

 

အီတလီနိုင်ငံသည် Po မြစ်တစ်ဝိုက်ရှိ ဒေသများအတွက် အရေးပေါ်အခြေအနေကြေငြာခဲ့ပြီး မိုးခေါင်မှုကြောင့်ရေကျကာ ဒုတိယကမ္ဘာစစ်ကတည်းကနစ်မြုပ်နေခဲ့သည့် ၄၅၀ ကီလိုဂရမ် (ပေါင် ၁,၀၀၀) ရှိသော ဗုံးတစ်လုံးကိုဇူလိုင်လနှောင်းပိုင်းကရှာဖွေတွေ့ရှိခဲ့သည်ဟု ဖော်ပြထားသည်။

Mantua မြို့အနီးရှိ Borgo Virgilio ရွာအနီးတစ်ဝိုက်နေထိုင်သူ ၃၀၀၀ ခန့်ကိုလည်း ယခုလအစောပိုင်းတွင်  စစ်ဘက်ဆိုင်ရာကျွမ်းကျင်သူများက ဒုတိယကမ္ဘာစစ်လက်ကျန် အမေရိကန်ထုတ်ဗုံးတစ်လုံးအား ထိန်းချုပ်ဖောက်ခွဲစဉ် ဘေးလွတ်ရာသို့ရွှေ့ပြောင်းပေးခဲ့သည် ဟုဆိုသည်။

Rhine မြစ်တစ်လျှောက်တွင် “Hunger Stone” ဟုခေါ်သော ကျောက်များပေါ်လာခြင်းကြောင့် ဂျာမဏီ၌ ယခင်မိုးခေါင်ရေရှားမှုများ၏ ဖြစ်ရပ်များလည်းပြန်လည်ပေါ်ပေါက်လာခဲ့သည်။မကြာသေးမီရက်များအတွင်းက ဂျာမဏီ၏အကြီးဆုံးမြစ်ကမ်းတစ်လျှောက်တွင် ထိုကျောက်တုံးအမျိုးအစားများကို အများအပြားပြန်လည်တွေ့ရှိခဲ့ရသည်။

ဂျာမဏီနိုင်ငံ Worms မြို့၊ Frankfurt တောင်ဘက်နှင့် Leverkusen အနီး Rheindorf တို့ရှိ ကျောက်တုံးများကို ၁၉၄၇၊ ၁၉၅၉၊ ၂၀၀၃ နှင့် ၂၀၁၈ ခုနှစ်တို့ကလည်းမြင်တွေ့ခဲ့ရဖူးသေးသည်။

Source – Reuters


LEAVE A REPLY

Please enter your comment!
Please enter your name here