ရုရှားစားသောက်ကုန်များ ဈေးကွက်ရောက်ရှိရေးကြိုးပမ်းနေဟုကုလအတွင်းရေးမှူးချုပ်ဆို

0
104

ရုရှားစားသောက်ကုန်များ ဈေးကွက်ရောက်ရှိရေးကြိုးပမ်းနေဟုကုလအတွင်းရေးမှူးချုပ်ဆို

 

အစ္စတန်ဘူလ်၊ဩဂုတ် ၂၀

ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဂူတာရက်စ်က ရုရှားအစားအစာနှင့်မြေသြဇာများကမ္ဘာ့ဈေးကွက်သို့ရောက်ရှိရန် တားဆီး‌နေသည့်အရာများအား ကျော်လွှားနိုင်အောင် ကုလသမဂ္ဂအနေဖြင့် အမေရိကအပါအဝင် ဥရောပသမဂ္ဂနှင့်ပါ ပူးပေါင်းဆောင်ရွက်နေကြောင်း သြဂုတ် ၂၀ ရက်က ပြောကြားခဲ့သည်။

ဖေဖော်ဝါရီလကစတင်ခဲ့သော ရုရှား-ယူကရိန်းအရေးကြောင့် ရပ်နားထားရသောယူကရိန်းဂျုံတင်ပို့မှု ပြန်လည်စတင်နိုင်ရန် ပြီးခဲ့သည့်လက ကုလသမဂ္ဂနှင့်တူကီယေးတို့က ကြားဝင်စေ့စပ်ပေးခဲ့သည်။ထို့ကြောင့်ပင် ယခုအချိန်၌ ယူကရိန်းမှဂျုံအပါအဝင် အခြားစားနပ်ရိက္ခာတန်ချိန်ပေါင်း ၆၅၀,၀၀၀ မက်ထရစ်တန်ကို တင်ပို့နိုင်ခဲ့ပြီဖြစ်သည်။

“ဒီသဘောတူညီချက်ရဲ့နောက်အစိတ်အပိုင်းတစ်ခုကတော့ ပိတ်ဆို့ဒဏ်ခတ်မှုမှာမပါတဲ့ ရုရှားရဲ့စားနပ်ရိက္ခာနဲ့ဓာတ်မြေဩဇာတွေကို ကမ္ဘာ့ဈေးကွက်ပေါ် အတားအဆီးမဲ့တင်ပို့နိုင်ဖို့ပါပဲ” ဟု အစ္စတန်ဘူလ်ရှိ  ပို့ကုန်ကြီးကြပ်ညှိနှိုင်းရေးစင်တာ သို့သွားရောက်ခဲ့သည့် ဂူတာရက်စ်ကပြောကြားခဲ့သည်။

ယူကရိန်းသို့ ကျူးကျော်ဝင်ရောက်မှုနှင့်ပတ်သက်၍ ရုရှားအပေါ် ပိတ်ဆို့အရေးယူမှုများ ချမှတ်ထားသည့်နိုင်ငံများကအစားအသောက်နှင့်ဓာတ်မြေသြဇာများကိုပိတ်ဆို့ခြင်းမရှိဟုဆိုကြသော်လည်း ရုရှား၏ပို့ကုန်များအပေါ်တွင်မူအေးစက်သော အကျိုးသက်ရောက်မှုများရှိခဲ့သည် ဟုလည်းဂူတာရက်စ်ကထပ်လောင်းပြောကြားခဲ့သည်။

” အာမခံနဲ့ဘဏ္ဍာရေးဆိုင်ရာအပါအဝင် ပို့ဆောင်ရေးနဲ့ဆက်စပ်ပြီးတော့လည်း ကျော်ဖြတ်ရမယ့် အတားအဆီးတွေ အများအပြားရှိပါတယ် ” ဟု ဂူတာရက်စ်က တူကီယေး ကာကွယ်ရေးဝန်ကြီး Hulusi Akar နှင့် အတူပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင်ပြောကြားခဲ့သည်။

အဆိုပါအတားအဆီးများကို ဖယ်ရှားနိုင်ရန် ကုလသမဂ္ဂသည် ဝါရှင်တန်အပါအဝင် ဥရောပသမဂ္ဂနှင့်ပါ ပူးပေါင်းလုဆောင်ရွက်နေကြောင်း ဂူတာရက်စ်ကပြောကြားခဲ့သည်။

“ယူကရိန်းနှင့်ရုရှားနိုင်ငံတို့မှ အစားအစာနှင့် ဓာတ်မြေသြဇာများ ပိုမိုရရှိရေးသည် ကုန်စည်ဈေးကွက်များ ပိုမိုတည်ငြိမ်ရန်နှင့် စားသုံးသူများအတွက် ဈေးနှုန်းသက်သာ ရေးအတွက်အရေးကြီးသည်” ဟု ၎င်းက ဆိုသည်။

ရုရှားနှင့်ယူကရိန်းမှဂျုံတင်ပို့မှုသည် ယခုကဲ့သို့စစ်မက်မဖြစ်ပွားမီက ကမ္ဘာ့ဂျုံတင်ပို့မှုစုစု ပေါင်း၏ သုံးပုံတစ်ပုံခန့်ပမာဏရှိခဲ့ပြီး ရုရှားသည် ဓာတ်မြေဩဇာ အဓိကတင်ပို့သူတစ်ဦးလည်းဖြစ်သည်။

Source – Reuters/gr


LEAVE A REPLY

Please enter your comment!
Please enter your name here