ငွေကြေးဖောင်းပွမှုမှ သက်သာရာရစေရန် ပြင်သစ်စူပါမားကက်များနှင့် ဓာတ်ဆီဆိုင်များတွင် ကုန်ဈေးနှုန်းများ ပုံသေသတ်မှတ်

0
204
ငွေကြေးဖောင်းပွမှုမှ သက်သာရာရစေရန် ပြင်သစ်စူပါမားကက်များနှင့် ဓာတ်ဆီဆိုင်များတွင် ကုန်ဈေးနှုန်းများ ပုံသေသတ်မှတ်
လန်ဒန်၊ ဩဂုတ် ၂၂
ပြင်သစ်စူပါမားကက်များနှင့် ဓာတ်ဆီဆိုင်များသည် အချို့သော ထုတ်ကုန်များ၏ ဈေးနှုန်းများကို နောက်လအနည်းငယ်အထိ ပုံသေသတ်မှတ်ပေးခြင်းဖြင့် ငွေကြေးဖောင်းပွမှု မြင့်တက်လာခြင်းအား ဖြေရှင်းရန် ကြိုးစားနေကြသည်။
ပြင်သစ်လက်လီကုမ္ပဏီကြီး Carrefour သည် မရှိမဖြစ်လိုအပ်သော ကုန်ပစ္စည်းအမျိုးအစား တစ်ရာကျော်၏ ဈေးနှုန်းများကို နောက်ထပ် ရက်တစ်ရာ အထိ မပြောင်းလဲဘဲ ရောင်းချသွားမည်ဟု တနင်္လာနေ့တွင် ကြေညာခဲ့သည်။ အဆိုပါပစ္စည်းများတွင် အသင့်စား နံနက်စာ‌ေပြာင်း၊ ကော်ဖီ၊ စည်သွပ်ထားသည့် ဟင်းသီးဟင်းရွက် သံဗူးများ၊ ဆပ်ပြာများနှင့် အနှီးများ ပါဝင်သည်။
ပြင်သစ်နိုင်ငံတစ်ဝန်းတွင် စတိုးဆိုင်ပေါင်း ထောင့်လေးရာကျော်ရှိသည့် Carrefour က ယင်းကဲ့သို့ ဈေးနှုန်းများအား အချိန်ကာလတစ်ခုအထိ ပုံသေသတ်မှတ်ပေးခြင်းသည် ငွေကြေးဖောင်းပွမှု တိုက်ဖျက်ရေးစိန်ခေါ်မှု၏ တစ်စိတ်တစ်ပိုင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။ သို့ရာတွင် အချို့သော ကုန်ပစ္စည်းများအပေါ် အခွန်ကောက်ခံမှုတိုးလာပါက ဈေးနှုန်းများ ထပ်မံမြင့်တက်လာနိုင်သည်ဟု ၎င်းကဆိုသည်။
“အရာရာ ဈေးတက်လာတဲ့ အခုလိုအချိန်မျိုးမှာ Carrefour ဟာ ဖောက်သည်တွေရဲ့ နေစဉ်အသုံးစရိတ်တွေကို အတတ်နိုင်ဆုံး ထိန်းထားပေးဖို့ ပိုမို ကြိုးစားအားထုတ်နေပါတယ်” ဟု Carrefour က ၎င်း၏ ၀က်ဘ်ဆိုဒ်တွင် ပြောကြားခဲ့သည်။
ပြင်သစ်တွင် စားသုံးသူ စျေးနှုန်းဖောင်းပွခြင်းသည် ယခုနှစ် ဇူလိုင်လအထိ ၆ ဒသမ ၈ ရာခိုင်နှုန်းအထိ မြင့်တက်ခဲ့ကြောင်း အစိုးရစာရင်းအင်းရုံးမှ သိရသည်။
ပြီးခဲ့သည့်လတွင်လည်း အခြားသော ပြင်သစ် စူပါမားကက်တစ်ခုဖြစ်သည့် E.Leclerc သည် ၎င်း၏ မရှိမဖြစ်လိုအပ်သော ထုတ်ကုန် ၂၃၀ ကျော်ကို ဒီဇင်ဘာလ အစောပိုင်းအထိ ဈေးနှုန်းများ ကန့်သတ်ပေးထားမည်ဟု ပြောကြားခဲ့သည်။ E.Leclerc သည် မေလကတည်းက ၎င်း၏ ကုန်ပစ္စည်း ၁၂၀ ၏ ဈေးနှုန်းများကို ပုံသေ သတ်မှတ်ပေးခဲ့ခြင်း ဖြစ်သည်။
လွန်ခဲ့သော ရက်သတ္တပတ် အနည်းငယ်အတွင်း စွမ်းအင်ကုမ္ပဏီကြီး TotalEnergies (TOT) သည် ယာဉ်မောင်းသူများအား ဓာတ်ဆီဈေး မြင့်တက်လာခြင်းမှ သက်သာရာရစေရန် သတ်မှတ်ချက် အချို့ ပြုလုပ်ခဲ့ကြသည်။
အဆိုပါ ကုမ္ပဏီသည် ပြင်သစ်ဓာတ်ဆီဆိုင်အားလုံးရှိ သုံးစွဲသူများအတွက် ဓာတ်ဆီဈေးနှုန်းများကို အောက်တိုဘာလအကုန်ထိ ကမ္ဘာ့ဈေးကွက်ပေါက်ဈေးများနှင့် နှိုင်းယှဉ်ပါက တစ်လီတာလျှင် ယူရို ၀ ဒသမ ၂၀ (မြန်မာငွေ ၄၁၉ ကျပ်) နှင့် နိုဝင်ဘာလမှစ၍ နှစ်ကုန်အထိ တစ်လီတာလျှင် ယူရို ၀ ဒသမ ၁၀ (မြန်မာငွေ ၂၀၉ ကျပ်) လျှော့ချ၍ ရောင်းချသွားမည်ဟု ပြောကြားခဲ့သည်။
ဥရောပတစ်လွှား နိုင်ငံများတွင် ၎င်းတို့၏ ကူးစက်ရောဂါ ကန့်သတ်ချက်များနှင့် ကုန်ပစ္စည်းဝယ်လိုအား မြင့်မားလာခြင်းကြောင့် ယခုနှစ်အတွင်း ဈေးနှုန်းများ မြင့်တက်လာခဲ့သည်။ ထို့အပြင် ယူကရိန်း အရေးအခင်း၏ အကျိုးဆက်များကြောင့် ကုန်ဈေးနှုန်းများ ပိုမိုမြင့်တက်လာခဲ့ပြီး ဥရောပတွင် စွမ်းအင်အကျပ်အတည်း ဖြစ်လာစေခဲ့သည်။
Source: CNN

LEAVE A REPLY

Please enter your comment!
Please enter your name here