ဂျပန်နိုင်ငံတွင်းမဝင်မီ ပြသရမည့်ကိုဗစ်ကန့်သတ်ချက်ကို မကြာမီဖြေလျှော့ရန်ချိန်ဆမည်

0
124

ဂျပန်နိုင်ငံတွင်းမဝင်မီ ပြသရမည့်ကိုဗစ်ကန့်သတ်ချက်ကို မကြာမီဖြေလျှော့ရန်ချိန်ဆမည်

တိုကျို၊ဩဂုတ် ၂၂

ဂျပန်အစိုးရသည် ကာကွယ်ဆေးထိုးထားသည့် ပြည်တွင်းခရီးသွားများအတွက် ဆိုက်ရောက်စဥ်ပြသရသည့် ကိုဗစ်စစ်‌ဆေးမှုလိုအပ်ချက်ကို ရုပ်သိမ်းရန်ချိန်ဆနေကြောင်း နစ်ကေးမှသိရှိရသည်။

လက်ရှိနယ်စပ်ထိန်းချုပ်မှုစည်းမျဥ်းများအရ ခရီးသွားများသည် မထွက်ခွာမီ ၇၂ နာရီအတွင်းစစ်ဆေးထားသည့် ကိုဗစ်ကင်းစင်ကြောင်း စစ်ဆေးမှုရလဒ်ကို ပြသရန်လိုအပ်သည်။ယခုအချိန်တွင် အချို့သောနိုင်ငံများ၌ ကိုဗစ်စစ်ဆေးရန်သတ်မှတ်ချက်များကို ဖြေလျှော့လိုက်သဖြင့် လိုအပ်သည့်စာရွက်စာတမ်းလုပ်ဆောင်ရန် ခက်ခဲမှုများလည်းပေါ်ပေါက်လာခဲ့သည်။

နိုင်ငံ၏ ကိုဗစ်ကူးစက်မှုပမာဏအပေါ်မူတည်၍ ကန့်သတ်ချက်ဖြေလျှော့ရေး ဆုံးဖြတ်ချက်ကိုချမှတ်မည်ဖြစ်ကာ ယခု ဖြေလျှော့မှုကို ရက်သတ္တပတ်အနည်းငယ်အတွင်း အကောင်အထည်ဖော်နိုင်မည်ဖြစ်ကြောင်းသိရှိရသည်။

ဂျပန်နိုင်ငံ၏ ကိုဗစ်နှင့်ဆက်စပ်သော ဝင်ခွင့်စည်းမျဉ်းများသည် G – 7 အုပ်စုတွင် အပြင်းထန်ဆုံးဖြစ်သည်။အဆိုပါ ကန့်သတ်ချက်များသည် ဂျပန်သို့စီးပွားရေးနှင့် အပန်းဖြေလာ‌ရောက်မည့် ခရီးသွားများအတွက် အတားအဆီးဖြစ်ပြီး နိုင်ငံတွင်းသို့ ခရီးသွားများကို ပြန်လည်ဆွဲဆောင်ရန် ကြိုးပမ်းမှုများအတွက်လည်း အတားအဆီးတစ်ခုပမာဖြစ်နေသည်။

ဂျပန်သို့ဝင်ရောက်နိုင်ရန် လက်ခံထားသောစစ်ဆေးမှုအမျိုးအစားများတွင် ကုန်ကျစရိတ်များသော PCR များပါဝင်သော်လည်း လျင်မြန်စွာစစ်‌ဆေးနိုင်သော antigen စမ်းသပ်မှုများမပါဝင်ကြောင်းသိရှိရသည်။

ဂျပန်သို့ ဝင်ရောက်နိုင်သည့် နေ့စဉ်လူပမာဏကိုလည်း လက်ရှိအချိန်တွင် ၂၀,၀၀၀ သတ်မှတ်ထားရာမှ ထပ်မံတိုးမြှင့်ခွင့်ပြုရန်လည်း အစိုးရကစဉ်းစားနေကြောင်းသိရှိရသည်။

ကိုဗစ်ထိန်းချုပ်ရန် ဂျပန်၏နောက်ထပ်နည်းလမ်းတစ်ခုမှာ နေ့စဉ်ဖြစ်ပွားနေသည့် နိုင်ငံတစ်ဝန်းရှိကူးစက်မှုနှုန်းများကို ထုတ်ဖော်ကြေငြာခြင်း ရပ်ဆိုင်းရန်ဖြစ်သည်။ထိုသို့ကြေငြာနိုင်ရန် စီမံခန့်ခွဲပေးရသည့်တာဝန်များသည် တကယ့်လက်တွေ့ကျန်းမာရေးစောင့်ရှောက်မှုများ၌ လစ်ဟင်းစေသည်ဟု ဝေဖန်သူများကဆိုကြသည်။

“လာမယ့်ရက်အနည်းငယ်အတွင်းမှာ ဆေးခန်းနဲ့ ဆေးဘက်ဆိုင်ရာဌာနတွေအတွက် ဝန်ထုပ်ဝန်ပိုးဖြစ်စေတဲ့အရာတွေကိုဖြေလျှော့ဖို့ လုပ်ဆောင်နေတဲ့ နောက်ထပ်ခြေလှမ်းတွေကို တင်ပြချင်ပါတယ်” ဟု ၀န်ကြီးချုပ် ဖူမီရိုကီရှီဒါက တနင်္လာနေ့၌ အွန်လိုင်းသတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

ဝန်ကြီးကီရှီဒါကိုယ်တိုင်လည်း ကိုဗစ်ကူးစက်ခံထားရကြောင်း မကြာသေးမီကစစ်ဆေးတွေ့ရှိခဲ့သည်။

Source – Nikkei Asia


LEAVE A REPLY

Please enter your comment!
Please enter your name here