စစ်ပွဲကြောင့် ယူကရိန်း၌ အဓိကစားနပ်ရိက္ခာတင်ပို့မှု ထက်ဝက်နီးပါးကျဆင်း

0
354

စစ်ပွဲကြောင့် ယူကရိန်း၌ အဓိကစားနပ်ရိက္ခာတင်ပို့မှု ထက်ဝက်နီးပါးကျဆင်း

ကိဗ်၊ ဩဂုတ် ၂၃

ယူကရိန်း၏စိုက်ပျိုး‌ေရးကုန်စည်တင်ပို့မှုသည် ယခုနှစ်အစောပိုင်းကရုရှား၏ကျူးကျော်မှုကြောင့် ၂၀၂၁ ခုနှစ်နှင့်နှိုင်းယှဉ်ပါက ထက်ဝက်နီးပါးကျဆင်းသွားခဲ့ကြောင်း ဩဂုတ်လ ၂၂ ရက် တနင်္လာနေ့ကထုတ်ပြန်ကြေငြာခဲ့သော စိုက်ပျိုးရေးဝန်ကြီးဌာန၏ ဖော်ပြချက်အရသိရှိရသည်။

ရုရှားကယူကရိန်းအား ဖေဖော်ဝါရီ ၂၄ ရက်တွင် စတင်တိုက်ခိုက်ခဲ့ပြီး အထူးစစ်ဆင်ရေးတစ်ခုဟုသာခေါ်ဝေါ်ခဲ့သည်။အဆိုပါတိုက်ပွဲကြောင့် ယူကရိန်းဆိပ်ကမ်းများပိတ်ဆို့ခံခဲ့ရပြီး သီးနှံအမြောက်အမြားလည်း မရိတ်သိမ်းနိုင်ခြင်းသိ့မဟုတ် ပျက်စီးဆုံးရှုံးခြင်းတို့ဖြစ်ခဲ့သည်ဟုဆိုသည်။

ယခုနှစ် ဖေဖော်ဝါရီလ ၂၄ ရက်မှ ဩဂုတ် ၁၅ ရက်အထိ လယ်ယာထွက်ကုန်တင်ပို့မှုသည် တန်ချိန် ၁၀ သန်းအထိကျဆင်းသွားကာ ယခင်နှစ်အလားတူကာလကမူ တန်ချိန် ၁၉ ဒသမ ၅ သန်းရှိခဲ့သည်ဟု ဝန်ကြီးဌာနက ထုတ်ပြန်သောအချက်အလက်များတွင် ဖော်ပြထားသည်။

ယူကရိန်းတွင် ယမန်နှစ်ဂျုံရိတ်သိမ်းရာသီက စံချိန်တင် တန်ချိန်ပေါင်း ၈၆ သန်းရိတ်သိမ်းနိုင်ခဲ့ရာမှ ယခုနှစ်တွင် တန်ချိန်ပေါင်း သန်း ၅၀ သာရိတ်သိမ်းနိုင်သည်အထိ ကျဆင်းသွားနိုင်ကြောင်းခန့်မှန်းထားကြသည်။

ယခုနှစ် ဖေဖော်ဝါရီလ ၂၄ ရက်မှ ဩဂုတ်လ ၁၅ ရက်အထိ ယူကရိန်းသည် ပြောင်းတန်ချိန်ပေါင်း ၃ ဒသမ ၈ သန်း၊ နေကြာစေ့တန်ချိန်ပေါင်း ၁ ဒသမ ၄ သန်း၊ နေကြာဆီတန်ချိန်တစ်သန်းနီးပါးနှင့် ဂျုံတန်ချိန်ပေါင်း ၆ သိန်း ၄ သောင်းတင်ပို့ခဲ့သည်ဟု ဝန်ကြီးဌာန၏ကိန်းဂဏန်းများအရသိရသည်။

၎င်း၏စားနပ်ရိက္ခာထုတ်လုပ်နိုင်စွမ်းဖြင့် လူပေါင်းသန်း ၄၀၀ အထိကျွေးမွေးနိုင်ကြောင်း အစိုးရကဆိုကာ နိုင်ငံမှ ဘာလီ၊ပဲပိစပ်၊ဆီ၊နေကြာနှင့်ပဲပုပ်တို့ကိုလည်း တင်ပို့နိုင်ခဲ့ကြောင်းဖော်ပြထားသည်။

ဇူလိုင်လကုန်ပိုင်းက ကုလသမဂ္ဂနှင့် တူကီယေးတို့၏ကြားဝင်စေ့စပ်မှုဖြင့် ယူကရိန်းနှင့်ရုရှားတို့ကြားသဘောတူညီမှုရရှိခဲ့ပြီး ပင်လယ်နက်မှယူကရိန်းဆိပ်ကမ်းသုံးခုကိုပြန်လည်ဖွင့်လှစ်နိုင်ခဲ့သည်။

သို့သော်ဆိပ်ကမ်းများပြန်လည်ဖွင့်လှစ်နိုင်ခဲ့သော်လည်း ယခင်ကတစ်လလျှင် ဂျုံတန်ချိန်ပေါင်း ၆ သန်းအထိတင်ပို့နိုင်ခဲ့သည့် ယူကရိန်း၏လယ်ယာထွက်ကုန်တင်ပို့မှုအောက် ယခုတင်ပို့မှုက သိသိသာသာလျော့နည်းနေဆဲဖြစ်သည်။

၂၀၂၂/၂၀၂၃ ရာသီတွင် ယူကရိန်း၏စပါးတင်ပို့မှုသည် ယမန်နှစ်ကရှိခဲ့သော တန်ချိန်ပေါင်း ၂ ဒသမ ၉၉ သန်းနှင့်နှိုင်းယှဉ်လျှင် ၅၁ ဒသမ ၆ ရာခိုင်နှုန်းအထိကျဆင်းသွားခဲ့ကြောင်း စိုက်ပျိုးရေးဝန်ကြီးဌာနက ပြီးခဲ့သည့်အပတ်ကပြောကြားခဲ့သည်။

ရုရှားမကျူးကျော်မီက တင်ပို့မှုပမာဏများပြားခြင်းကြောင့် ယမန်နှစ်ဇွန်လ ၃၀ ရက်ကကုန်ဆုံးခဲ့သည့် ၂၀၂၁/၂၀၂၂ ရာသီအတွက် ဂျုံတင်ပို့မှုသည် ၈ ဒသမ ၅ ရာခိုင်နှုန်းအထိမြင့်တက်လာခဲ့ပြီး တန်ချိန်ပေါင်း ၄၈ ဒသမ ၅ သန်းအထိရှိခဲ့ကြောင်းဖော်ပြထားသည်။

Source – Reuters/ga


LEAVE A REPLY

Please enter your comment!
Please enter your name here