တာခေးဒဆေးဝါးကုမ္ပဏီထုတ် သွေးလွန်တုပ်ကွေးကာကွယ်ဆေးကို အင်ဒိုတွင်အသုံးပြုခွင့်ရ

0
226

တာခေးဒဆေးဝါးကုမ္ပဏီထုတ် သွေးလွန်တုပ်ကွေးကာကွယ်ဆေးကို အင်ဒိုတွင်အသုံးပြုခွင့်ရ

တိုကျို၊ဩဂုတ် ၂၃

ဂျပန်နိုင်ငံ၏ အကြီးဆုံးဆေးကုမ္ပဏီတစ်ခုဖြစ်သည့် Takeda Pharmaceutical Co., က ၎င်း၏ သွေးလွန်တုပ်ကွေး ကာကွယ်ဆေးကို အင်ဒိုနီးရှားတွင်အသုံးပြုရန် အတည်ပြုပြီးဖြစ်ကြောင်း အင်္ဂါနေ့က ပြောကြားခဲ့ပြီး ပြည်ပတွင်ကာကွယ်ဆေးရောင်းချသည့် ပထမဆုံးဂျပန်ကုမ္ပဏီ ဖြစ်လာသည်။

ကိုဗစ်ကာကွယ်ဆေးထုတ်ရာ၌ နောက်ကျကျန်ခဲ့သော အဆိုပါဆေးလုပ်ငန်းစုသည် အာရှနှင့်‌တောင်အမေရိကအပါအဝင် ဥရောပတွင်ပါသွေးလွန်တုပ်ကွေးရောဂါကာကွယ်ဆေးထိုးနှံရန်အတည်ပြုချက်ကို လျှောက်ထားလျက်ရှိကြောင်းပြောကြားခဲ့ပြီး ကုမ္ပဏီ၏နှစ်စဉ်ရောင်းအားကို ဒေါ်လာ ၁ ဒသမ ၆ ဘီလီယံအထိရရှိရန်ရည်ရွယ်ခဲ့သည်။

သွေးလွန်တုပ်ကွေးသည် ခြင်ကိုက်ခံရခြင်းမှ ကူးစက်တတ်ပြီး မကြာသေးမီနှစ်များအတွင်း ဖြစ်ပွားမှုနှုန်းတိုးလာကာ ကမ္ဘာတစ်ဝန်းတွင် နှစ်စဉ်လူသန်းပေါင်း ၃၉၀ ရောဂါကူးစက်ခံရသည်ဟု ခန့်မှန်းထားကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှသိရသည်။

တာခေးဒသည် ကာကွယ်ဆေးကို မည်သည့်အချိန်တွင် စတင်ရောင်းချမည်ကို မဆုံးဖြတ်ရသေးဘဲ လက်ရှိဂျပန်နိုင်ငံတွင် ကာကွယ်ဆေးအသုံးပြုမှု အခြေအ‌နေကို စောင့်ကြည့်နေလျက်ရှိသည်ဟု ဖော်ပြထားသည်။

တာခေးဒကုမ္ပဏီ၏ ကာကွယ်ဆေးသည် နှစ်ခါထိုးရန်လိုအပ်ပြီး အသက် ၆ နှစ်မှ ၄၅ နှစ်ကြားရှိသူများအတွက် ရည်ရွယ်သည်ဟုဆိုသည်။ယခုဆေးသည် မဖြစ်ခင်ကြိုတင်ကာကွယ်နိုင်ပြီး လူတစ်ဦးချင်းစီအနေဖြင့် ဆေးထိုးရန် ကြိုတင်စမ်းသပ်စရာမလိုကြောင်းဖော်ပြထားသည်။

ဂျပန်ဆေးဝါးအုပ်စုက ၎င်း၏ ကာကွယ်ဆေးသည် ဆေးရုံတက်ကုသခြင်းနှင့် သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှု၏ ၈၄ ရာခိုင်နှုန်းကို ကာကွယ်နိုင်သည်ဟု ကြေငြာချက်တွင်ဖော်ပြခဲ့သည်။

တာခေးဒသည် ဂျာမနီတွင်ထုတ်လုပ်သည့် ၎င်း၏ကာကွယ်ဆေးကို အမေရိကန်ပြည်ထောင်စုတွင် ခွင့်ပြုချက်လျှောက်ထားရန်လည်း စီစဉ်နေသည်ဟုဖော်ပြထားသည်။

Source – Nikkei Asia


LEAVE A REPLY

Please enter your comment!
Please enter your name here