ဉရောပသည် နှစ်ပေါင်းငါးရာအတွင်း အဆိုးရွားဆုံးမိုးခေါင်မှုကိုရင်ဆိုင်နေရ

0
161

ဉရောပသည် နှစ်ပေါင်းငါးရာအတွင်း အဆိုးရွားဆုံးမိုးခေါင်မှုကိုရင်ဆိုင်နေရ

ဉရောပတိုက်သည် နှစ်ပေါင်းငါးရာအတွင်း အဆိုးရွားဆုံးမိုးခေါင်ရေရှားမှုကို ရင်ဆိုင်နေရပြီး တိုက်၏သုံးပုံနှစ်ပုံသောနေရာများတွင် သတိပေးချက်များထုတ်ပြန်ထားကာ ပြည်တွင်းရေကြောင်းပို့ဆောင်မှု၊လျှပ်စစ်ထုတ်လုပ်မှုနှင့် သီးနှံအထွက်နှုန်းများကိုလျော့ကျစေကြောင်း ဉရောပသမဂ္ဂအေဂျင်စီကဆိုသည်။

ဉရောပကော်မရှင်ကကြီးကြပ်သော ဉရောပမိုးခေါင်ရေရှားမှုစောင့်ကြည့်ရေးအဖွဲ့ (EDO) ၏ ဩဂုတ်လအစီရင်ခံစာအရ ဉရောပ၏ ၄၇ ရာခိုင်နှုန်းသည် မြေဆီလွှာစိုစွတ်မှုများခြောက်သွေ့ကာ စိုက်ပျိုးသီးနှံများထိခိုက်မှုကြောင့် ၁၇ ရာခိုင်နှုန်းသောဒေသများတွင် သတိပေးချက်ထုတ်ပြန်ထားသည်ဟုသိရှိရသည်။

ယခုနှစ်စပိုင်းကတည်းက ဥရောပ၏ဒေသအတော်များများသည် ပြင်းထန်သောမိုးခေါင်ရေရှားမှုကိုခံစားနေရကာ ဩဂုတ်လဆန်းပိုင်းအထိ ပိုမိုကျယ်ပြန့်ဆိုးရွားလာသည်ဟု အစီရင်ခံစာတွင်ဖော်ပြထားသည်။ထို့ပြင် အနောက်ဉရောပမြေထဲပင်လယ်ဒေသသည်လည်း နိုဝင်ဘာလအထိ ပုံမှန်အခြေအနေများထက် ပိုမိုပူပြင်းပြီးခြောက်သွေ့နိုင်ကြောင်းဆိုထားသည်။

ဉရောပနိုင်ငံအများစုသည် ယခုနွေရာသီတွင်အပူချိန်ပိုမိုဆိုးရွားလာကာ မိုးခေါင်ခြင်း၊တောမီးလောင်ခြင်းများကို ပိုမိုဆိုးရွားစေပြီး ကျန်းမာရေးဆိုင်ရာသတိပေးချက်များကိုလည်း ထုတ်ပြန်ထားသည်။ယခုဖြစ်ပေါ်နေမှုများက ရာသီဉတုပြောင်းလဲမှုအပေါ် ကိုင်တွယ်ဖြေရှင်းရန် အားထုတ်သင့်ကြောင်းမီးမောင်းထိုးပြလျက်ရှိသည်။

ယခုနှစ်မိုးခေါင်ရေရှားမှုသည် အနည်းဆုံးနှစ်ပေါင်း ၅၀၀ အတွင်း အဆိုးရွားဆုံးဖြစ်သည်ဟု ကော်မရှင်ကအင်္ဂါနေ့တွင်ထုတ်ပြန်ခဲ့သည်။နွေသီးနှံများအနက် စပါးအထွက်နှုန်းသည် ယခင်ငါးနှစ်ကထက် ၁၆ ရာခိုင်နှုန်းအောက်ကျဆင်းသွားခဲ့ပြီး ပဲပုပ်နှင့်နေကြာအထွက်နှုန်းတို့လည်း ၁၅ ရာခိုင်နှုန်းနှင့် ၁၂ ရာခိုင်နှုန်းသို့အသီးသီးကျဆင်းသွားခဲ့ကြောင်း ဖော်ပြထားသည်။

အအေးပေးစနစ်များအတွက် အသုံးပြုသောရေပြတ်တောက်မှုကြောင့်လည်း ရေအားလျှပ်စစ်ထုတ်လုပ်ခြင်းနှင့် အခြားစွမ်းအင်ထုတ်လုပ်သူများလည်း ထိခိုက်နစ်နာခဲ့ရသည်။ကျောက်မီးသွေးနှင့်ရေနံသယ်ယူပို့ဆောင်မှုကိုထိခိုက်စေသည့် ရေပမာဏနည်းပါးခြင်းကြောင့်လည်း ရေကြောင်းပို့ဆောင်မှုကို အဟန့်အတားဖြစ်စေခဲ့သည်။

ဩဂုတ်လလယ်မိုးရွာသွန်းမှုအခြေအနေများက လက်ရှိအပူချိန်မြင့်တက်မှုကို သက်သာစေသော်လည်း အချို့သောအခြေအနေများတွင် မိုးကြိုးမုန်တိုင်းများကျရောက်တတ်သဖြင့် ပျက်စီးမှုများထပ်မံဖြစ်ပေါ်ခဲ့ကြောင်း EDO ကဖော်ပြထားသည်။

မိုးခေါင်ရေရှားမှုညွှန်းကိန်းသည် မိုးရွာသွန်းမှု၊မြေဆီလွှာအစိုဓာတ်နှင့် အပင်မှစုပ်ယူသောနေရောင်ခြည်အပိုင်းများအပေါ်အခြေခံကာတွက်ချက်ထားသည့် ညွှန်းကိန်းဖြစ်သည်။။

Source – Reuters


LEAVE A REPLY

Please enter your comment!
Please enter your name here