နန်စီပေလိုစီ၏ခင်ပွန်း ထောင်ဒဏ်ငါးရက်ချခံရ

0
186

နန်စီပေလိုစီ၏ခင်ပွန်း ထောင်ဒဏ်ငါးရက်ချခံရ

ဆန်ဖရန်စစ္စကို၊ဩဂုတ် ၂၃

အမေရိကန်အောက်လွှတ်တော်ဥက္ကဋ္ဌ နန်စီပေလိုစီ၏ ခင်ပွန်းသည် ကယ်လီဖိုးနီးယားပြည်နယ်ရှိ Wine country ဒေသတွင် မေလအတွင်းကဖြစ်ပွားခဲ့သည့် ယာဉ်တိုက်မှုနှင့်ပတ်သက်၍ အပြစ်ရှိကြောင်း၀န်ခံခဲ့ပြီး ထောင်ဒဏ်ငါးရက်နှင့် DUI ဖြင့်ခံဝန်သုံးနှစ်‌ထိုးရန် အင်္ဂါနေ့ကအမိန့်ချမှတ်ခံခဲ့ရသည်။(DUI – Driving under the influence/ယာဉ်မောင်းစဉ်အရက်သေစာနှင့်၎င်းမူးယစ်ဆေးဝါးတစ်ခုခုမှီဝဲသုံးစွဲထားမှု)

မစ္စတာပေါလ်ပေလိုစီသည် ယခုအခါထောင်ဒဏ်ငါးရက်အတွက် နှစ်ရက်ကျခံပြီးဖြစ်ကာ ကျန်ရက်များအတွက် ခံဝန်ဖြင့်လွှတ်ခဲ့ပြီး တစ်ရက်လျှင်ရှစ်နာရီဖြင့် တရားရုံးလုပ်ငန်းဆောင်တာများတွင် ပါဝင်ကူညီလုပ်ကိုင်ရမည်ဖြစ်သည်ဟု နာပါခရိုင် အထက်တရားရုံးတရားသူကြီး Joseph Solga ကဆိုသည်။


ပြည်နယ်ဥပဒေအရ DUI ရာဇ၀တ်မှုဆိုင်ရာတရားခံများကို တရားရုံးက အခြားအမိန့်မချပါက ၎င်းတို့၏ရှေ့နေမှတစ်ဆင့်တင်ပြ‌ ဆောင်ရွက်ခွင့်ပြုထားသည်ဟုဆိုသည်။

ခံဝန်ကာလအတွင်း မစ္စတာပေါလ်သည် ယာဉ်မောင်းစဉ် အရက်သေစာသောက်စားထားမှုဖြင့် တရားစွဲခံရသူများ တက်ရောက်ရသည့် drinking driver class ကိုလည်း သုံးလတက်ရောက်ရမည်ဖြစ်ကာ စက်မနှိုးမီ အရက်သောက်ထားခြင်းရှိမရှိ စစ်ဆေးသည့်ကိရိယာကိုလည်း တပ်ဆင်ရမည်ဖြစ်ကြောင်းဖော်ပြထားသည်။ထို့ပြင် ဒဏ်ကြေးအနေဖြင့် ဒေါ်လာ ၇,၀၀၀ နီးပါးပေးဆောင်ရနိုင်သည်ဟုဆိုသည်။

မစ္စတာပေါလ်သည် မေလ ၂၈ ရက်က ဆန်ဖရန်စစ္စကိုမြောက်ပိုင်း နာပါခရိုင်၌ယာဉ်တိုက်မှုဖြစ်ပွား၍DUI စစ်ဆေးရာ၎င်း၏သွေးအတွင်းအယ်လ်ကိုဟောဓာတ် ၀ ဒသမ  ၀၈၂ ရာခိုင်နှုန်းပါဝင်နေသဖြင့် ယခုလို အဖမ်းခံရခြင်းဖြစ်သည်ဟုဆိုသည်။

ထိုနေ့ည ၁၀ နာရီကျော်တွင် တာဝန်ရှိသူများက ယာဉ်တိုက်မှုဖြစ်ပွားခဲ့ကြောင်း သိရသဖြင့်သွား‌ရောက်စစ်ဆေးခဲ့သည်။Wine country ရှိ Yountville အနီး၌ ၂၀၂၁ ခုနှစ်ထုတ် Porsche Carrera ယာဉ်၏ ယာဉ်မောင်းထိုင်ခုံတွင် မစ္စတာပေလိုစီနှင့်  sport utility အမျိုးအစား ယာဉ်၏အပြင်ဘက်တွင်မူ အခြားဒရိုင်ဘာတစ်ဦးရပ်နေသည်ကို တွေ့ရှိခဲ့ကြောင်းဖော်ပြထားသည်။

ကယ်လီဖိုးနီးယား အဝေးပြေးယာဉ်ထိန်းရဲအရာရှိများ၏ ပြောကြားချက်အရ မစ္စတာပေလိုစီသည် ထိုအချိန်က ခြေမကိုင်မိလက်မကိုင်မိဖြစ်နေကာ စကားကိုပလုံးပထွေးဆိုလျက် ၎င်းထံမှအရက်နံ့လည်းရသည်ဟုသိရှိရသည်။

အသက် ၄၈ နှစ်အရွယ်ရှိသည့် SUV ကားယာဉ်မောင်းဒဏ်ရာရရှိမှုကြောင့် ယခုအမှုအား ရာဇ၀တ်မှုအဖြစ် စွဲချက်တင်ထားခဲ့သည်။အဆိုပါ SUV ကားမောင်းသူက ၎င်းအားပုဂ္ဂိုလ်ရေးအရ လျှို့ဝှက်ထား‌ပေးရန် တောင်းဆိုထားသည်ဟုလည်းဆိုသည်။

ယာဉ်တိုက်မှုဖြစ်ပြီး နောက်တစ်နေ့တွင် ခရိုင်ရှေ့နေရုံးမှ စုံစမ်းစစ်ဆေးရေးမှူးများက တွေ့ဆုံမေးမြန်းခဲ့ရာ ယာဉ်မောင်းသည် ၎င်း၏ညာဘက်လက်မောင်း၊ ညာဘက်ပခုံးနှင့် လည်ပင်းတို့တွင် နာကျင်လျက် ခေါင်းကိုက်သည်ဟုလည်းဆိုခဲ့သည်။

မစ္စတာ ပေလိုစီသည်အဖမ်းခံရပြီးနောက် ဒေါ်လာ ၅,၀၀၀ အာမခံဖြင့် ပြန်လွတ်လာခဲ့သည်။ထိုအချိန်က အောက်လွှတ်တော်ဥက္ကဌ မဒမ်နန်စီပေလိုစီသည် Brown University ၏ဘွဲ့နှင်းသဘင်မိန့်ခွန်းပြောကြားရန် Rhode ကျွန်းတွင်ရှိနေပြီး သူမ၏ရုံးက ယခုဖြစ်စဉ်နှင့်ပတ်သက်၍ မှတ်ချက်ပေးရန်ငြင်းဆိုခဲ့သည်။

Source – Politico


LEAVE A REPLY

Please enter your comment!
Please enter your name here