တရုတ်ကိုစိန်‌ခေါ်သည့်အလား အမေရိကန်အထက်လွှတ်တော်အမတ် ထိုင်ဝမ်သို့ရောက်လာပြန်

0
233
တရုတ်ကိုစိန်‌ခေါ်သည့်အလား အမေရိကန်အထက်လွှတ်တော်အမတ် ထိုင်ဝမ်သို့ရောက်လာပြန်
တိုင်ပေ၊ဩဂုတ် ၂၅
ဆီးနိတ်ကုန်သွယ်ရေးနှင့် လက်နက်ကိုင် ဝန်ဆောင်မှုကော်မတီများမှ အမေရိကန် အထက်လွှတ်တော်အမတ်တစ်ဦးသည် ယခုလအတွင်း ကန်နိုင်ငံရာထူးကြီးပုဂ္ဂိုလ်များ၏ သုံးကြိမ်မြောက်ခရီးအဖြစ် သြဂုတ်လ ၂၅ ရက်တွင် ထိုင်ဝမ်သို့ထပ်မံရောက်ရှိလာခဲ့ပြီး ကန်ကိုယ်စားလှယ်များ၏ ခရီးစဉ်များကိုရပ်ဆိုင်းရန် ပေကျင်း၏ဖိအားပေးမှုကို ဖီဆန်ခဲ့သည်။
အထက်လွှတ်တော်အမတ် မာရှာဘလက်ဘန်းသည် ထိုင်ဝမ်မြို့တော်တိုင်ပေသို့ အမေရိကန်စစ်လေယာဉ်ဖြင့် ရောက်ရှိလာခဲ့သည်ကို မြို့လယ်ရှိ Songshan လေဆိပ်မှ တိုက်ရိုက်ထုတ်လွှင့်သည့် ဗီဒီယိုထဲတွင်မြင်တွေ့နိုင်သည်။ထိုင်ဝမ် နိုင်ငံခြားရေး ဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် Douglas Hsu က၎င်းအား လေဆိပ်တွင် လာ‌ရောက်ကြိုဆိုခဲ့သည်ဟု ဘလက်ဘန်း၏ရုံးကပြောခဲ့သည်။
“ထိုင်ဝမ်သည် အင်ဒို – ပစိဖိတ်ဒေသတွင် ကျွန်ုပ်တို့၏ အင်အားအကြီးဆုံးမိတ်ဖက်ဖြစ်ပြီး တိုင်ပေသို့ ပုံမှန်လည်ပတ်မှုသည် ကာလကြာရှည်တည်မြဲသော အမေရိကန်၏မူဝါဒဖြစ်သည်” ဟု ဘလက်ဘန်းကဆိုကာ “ကွန်မြူနစ်တရုတ်က ကျွန်းနိုင်ငံလေးကို အနိုင်ကျင့်မှာကို ကျွန်မလက်မခံနိုင်ပါဘူး” ဟု ၎င်း၏ထုတ်ပြန်ချက်တွင်ဆိုခဲ့သည်။
ဒီမိုကရေစီနည်းကျအုပ်ချုပ်သည့် ထိုင်ဝမ်အစိုးရက အပြင်းအထန်ကန့်ကွက်နေသည့်ကြားမှပင် ထိုင်ဝမ်က၎င်း၏ပိုင်နက်ဟုအခိုင်အမာဆိုသည့်တရုတ်သည် ယခုလဆန်းပိုင်းက ကန်နိုင်ငံအောက်လွှတ်တော်ဥက္ကဌ နန်စီပေလိုစီ၏ထိုင်ဝမ်ခရီးစဉ်အပြီး၌ အကြီးဆုံးစစ်ရေးလေ့ကျင့်မှုကိုလည်းပြုလုပ်ခဲ့သည်။
စနေနေ့တွင်ပြီးဆုံးမည့် ၎င်း၏ခရီးစဉ်အတွင်း ဘလက်ဘန်းသည် ထိုင်ဝမ်သမ္မတဆိုင်အင်ဝမ် နှင့် လုံခြုံရေးထိပ်တန်း အရာရှိ ဝဲလ်လင်တန်ကူး အပါအဝင် နိုင်ငံခြားရေးဝန်ကြီး ဂျိုးဇက်ဝူ တို့နှင့်ပါတွေ့ဆုံရန် စီစဉ်ထားကြောင်း ထိုင်ဝမ်နိုင်ငံခြားရေး ဝန်ကြီးဌာနကပြောကြားခဲ့သည်။
ထိုင်ဝမ်-အမေရိကန် လုံခြုံရေး၊စီးပွားရေးနှင့် ကုန်သွယ်မှုဆိုင်ရာဆက်ဆံရေး စသည့် ကိစ္စရပ်များအတွက် နှစ်ဖက်အမြင်ချင်း ဖလှယ်ကြမည်ဖြစ်ကြောင်း ဝန်ကြီးဌာန၏ အကျဉ်းချုပ်ထုတ်ပြန်ချက်တွင် ထည့်သွင်း ဖော်ပြထားသည်။ထိုင်ဝမ်သမ္မတ ဆိုင်သည် သောကြာနေ့နံနက်တွင် ဘလက်ဘန်းနှင့် တွေ့ဆုံမည်ဖြစ်ကြောင်း သမ္မတရုံးကပြောကြားခဲ့သည်။
ဝါရှင်တန်ရှိ တရုတ်သံရုံးမှ ပြောရေးဆိုခွင့်ရှိသူ Liu Pengyu ကမူ ပေကျင်းအ‌နေဖြင့် အမေရိကန်၏ရန်စမှုများကိုတုံ့ပြန်ရန်အတွက် ပြတ်သားသော တန်ပြန်အရေးယူမှုများ ပြုလုပ်မည်ဟု ကတိပြုခဲ့သည်။
“ယခုလိုပြုလုပ်နေခြင်းသည် အမေရိကန်အနေဖြင့် ထိုင်ဝမ်ရေလက်ကြား၌ မတည်ငြိမ်မှုများကိုဖန်တီးကာ နှစ်နိုင်ငံကြား ထိပ်တိုက်ရင်ဆိုင်ရမှုကိုဖြစ်စေပြီး တရုတ်နိုင်ငံပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်နေခြင်းသာဖြစ်သည်” ဟု Liu ၏ထုတ်ပြန်ချက်တွင်ပါရှိသည်။
တန်နစီပြည်နယ်မှ ရီပတ်ဘလီကန်အမတ်တစ်ဦးဖြစ်သည့် ဘလက်ဘန်းသည် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်၏ ဒီမိုကရက်တစ်ပါတီအဖွဲ့ဝင် ပေလိုစီ၏ ယခုလအစောပိုင်းကခရီးစဉ်အား ထောက်ခံပြောဆိုခဲ့သည်။
ပေလိုစီ၏ခရီးစဉ်သည် တိုင်ပေသို့ပထမဆုံးအကြိမ် ပဲ့ထိန်းဒုံးကျည်များ စမ်းသပ်ပစ်လွှတ်မှုအပါအဝင် ဝါရှင်တန်နှင့် ဆွေးနွေးမှုလမ်းကြောင်းအချို့ကိုပါ ဖြတ်တောက်ခြင်းဖြင့် တုံ့ပြန်ရသည်အထိ တရုတ်ကိုဒေါသထွက်စေခဲ့သည်။
ပေလိုစီ၏ခရီးစဉ်အပြီး တစ်ပတ်ခန့်အကြာတွင် အခြားအမေရိကန်လွှတ်တော်အမတ်ငါးဦး၏ ခရီးစဉ်ထပ်မံလာ‌ရောက်ခဲ့ပြီး ထိုင်ဝမ်အနီးတွင် တရုတ်စစ်တပ်က လေ့ကျင့်ခန်းများ ထပ်မံပြုလုပ်ခြင်းဖြင့်တုံ့ပြန်ခဲ့သည်။
ဘိုင်ဒင်၏အစိုးရသည် ခရီးစဉ်များဖန်တီးကာ ပေကျင်းနှင့်ဝါရှင်တန်အကြား တင်းမာမှုများမြင့်တက်လာပြီး ပဋိပက္ခကိုပိုမိုဆိုးရွားစေခဲ့သော်လည်း ၎င်းတို့အနေဖြင့်မူ ယခုလိုလွှတ်တော်ခရီးစဉ်များသည် ပုံမှန်သာဖြစ်ကြောင်း ထပ်လောင်း ပြောကြားခဲ့သည်။
“ကွန်ဂရက်လွှတ်တော်အမတ်တွေနဲ့ ရွေးကောက်ခံအရာရှိတွေဟာ ထိုင်ဝမ်ကို ဆယ်စုနှစ်များစွာကတည်းက သွားရောက်ခဲ့ကြပြီး ဒါဟာကျွန်တော်တို့ရဲ့ရေရှည်တည်တံ့ခိုင်မြဲတဲ့ဆက်ဆံရေးဖြစ်သလို တရုတ်တစ်ပြည်တည်းမူဝါဒနဲ့လည်း လိုက်လျောညီထွေဖြစ်မှာပါ” ဟု ဘလက်ဘန်း၏ ခရီးစဉ်နှင့်ပတ်သက်သည့် မေးခွန်းတစ်ခုအတွက် အိမ်ဖြူတော် အမျိုးသားလုံခြုံရေးကောင်စီ ပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့သည်။
အမေရိကန်သည် ထိုင်ဝမ်နှင့် တရားဝင် သံတမန်ဆက်ဆံရေး မရှိသော်လည်း ကျွန်းကို ကာကွယ်ရန် နည်းလမ်းများပေးဆောင်မည်ဟူသော ဥပဒေကန့်သတ်ချက်‌တော့ရှိထားသည်။
ထိုင်ဝမ်အစိုးရကလည်း တရုတ်ပြည်သူ့သမ္မတနိုင်ငံသည် ထိုင်ဝမ်အားဘယ်တုန်းကမှမအုပ်ချုပ်ဖူးသဖြင့် ယခုလိုဝင်ရောက်စွက်ဖက်ခွင့်မရှိဟု ပြောကြားခဲ့ပြီး ထိုင်ဝမ်၏အနာဂတ်အတွက် ထိုင်ဝမ်ပြည်သူ ၂၃ သန်းကသာဆုံးဖြတ်ပိုင်ခွင့်ရှိသည်ဟုဆိုခဲ့သည်။
Source – Reuters/rc/ec

LEAVE A REPLY

Please enter your comment!
Please enter your name here