စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ဒု-ဝန်ကြီး ဥက္ကဋ္ဌအဖြစ်ဦးဆောင်၍ ဆီစက်လုပ်ငန်းများဖွံ့ဖြိုးရေးချေးငွေ စီမံခန့်ခွဲမှုလုပ်ငန်းအဖွဲ့ ဖွဲ့စည်း

0
290

စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ဒု-ဝန်ကြီး ဥက္ကဋ္ဌအဖြစ်ဦးဆောင်၍ ဆီစက်လုပ်ငန်းများဖွံ့ဖြိုးရေးချေးငွေ စီမံခန့်ခွဲမှုလုပ်ငန်းအဖွဲ့ ဖွဲ့စည်း

စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ဒု-ဝန်ကြီး ဥက္ကဋ္ဌအဖြစ်ဦးဆောင်၍ အတွင်းရေးမှူး ၁ ဦး၊တွဲဖက်အတွင်းရေးမှူး ၁ ဦးနှင့်အဖွဲ့ဝင် ၁၂ ဦးပါဝင်သည့် ဆီစက်လုပ်ငန်းများဖွံ့ဖြိုးရေးချေးငွေ စီမံခန့်ခွဲမှုလုပ်ငန်းအဖွဲ့ကို နစက ၏အမိန့်ကြော်ငြာစာအမှတ်(၁၁၈/၂၀၂၂)ဖြင့် စတင်ဖွဲ့စည်းခဲ့သည်။

မြန်မာနိုင်ငံတွင် ပြည်ပမှစားသုံးဆီတင်သွင်းမှု လျော့ကျစေရန်နှင့်ပြည်တွင်းစားသုံးဆီဖူလုံစေရန် အကောင်အထည်ဖော်ဆောင်ရွက်ရာ၌ နေကြာအပါအဝင် ဆီထွက်သီးနှံများ ပိုမိုထုတ်လုပ်ရန်လိုအပ်ကာ အရည်အသွေးကောင်း စားသုံးဆီများထုတ်လုပ်ရန် အဆင့်မီဆီစက်များလိုအပ်လျက်ရှိသည်။

ထို့ကြောင့် ပြည်တွင်းဆီစက်များကို အဆင့်မီစက်ပစ္စည်းများတိုးချဲ့တပ်ဆင်ခြင်း၊ခေတ်မီဆီစက်အသစ်များထပ်မံတည်ဆောက်ခြင်းနှင့် လက်ရှိဆီစက်များ အဆင့်မြှင့်တင်ခြင်းတို့ကို ဆောင်ရွက်ရန် ရင်းနှီးမြှုပ်နှံမှုလိုအပ်ချက်အား ဖြည့်ဆည်းပေးရန်အတွက် ဆီစက်လုပ်ငန်းများဖွံ့ဖြိုးရေးချေးငွေ စီမံခန့်ခွဲမှုလုပ်ငန်းအဖွဲ့ကို ဖွဲ့စည်းခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ အဖွဲ့သည် မြန်မာနိုင်ငံရှိ ဆီစက်များအ ဆင့်မြှင့်တင်ရန်၊အဆင့်မီစက်ပစ္စည်းများတိုးချဲ့တပ်ဆင်ရန်နှင့်ခေတ်မီဆီစက်အသစ်များ ထပ်မံတည်ဆောက်နိုင်ရန် လိုအပ်သည့် ချေးငွေထုတ်ချေးနိုင်ရေးအတွက် ရန်ပုံငွေတောင်းခံခြင်း၊စိစစ်ခြင်းနှင့်ခွင့်ပြုပေးခြင်းတို့ကို ဆောင်ရွက်ပေးရမည်ဖြစ်သည်။

ထို့ပြင် ချေးငွေစီမံခန့်ခွဲမှုအတွက် လိုအပ်သည့် ချေးငွေစံသတ်မှတ်ချက်များ၊ချေးငွေပမာဏ၊အတိုးနှုန်းနှင့်သက်တမ်းများအား သက်ဆိုင်ရာဝန်ကြီးဌာန အဖွဲ့အစည်းများ၏ ညှိနှိုင်း သဘောတူညီချက်အရ သတ်မှတ်ပေးရမည်ဖြစ်သည်။

အလားတူ ချေးငွေဆိုင်ရာဆုံးရှုံးနိုင်ခြေစီမံခန့်ခွဲမှုဆိုင်ရာ သတ်မှတ်ချက်ဘောင်များကို ကြိုတင်ရေးဆွဲသတ်မှတ်ပေးခြင်း၊ချေးငွေအား ထိရောက်စွာအသုံးချမှု ရှိ၊မရှိ အပေါ်စိစစ်ကြီးကြပ်ခြင်းနှင့် ချေးငွေပြန်လည်ပေးဆပ်မှုဆိုင်ရာ လုပ်ငန်းစဉ်များ၊သတ်မှတ်ချက်များရေးဆွဲ၍ စောင့်ကြည့်လေ့လာသုံးသပ်ခြင်းတို့ကိုလည်း ပြုလုပ်သွားရမည်ဖြစ်သည်။

ထို့အတူ ဆီစက်လုပ်ငန်းများဖွံ့ဖြိုးရေးချေးငွေ စီမံခန့်ခွဲမှုလုပ်ငန်းအဖွဲ့၏ လုပ်ငန်းဆောင်ရွက်မှု အစီရင်ခံစာကိုလည်း ပြုစုတင်ပြရမည်ဖြစ်သည်။

ထို့ပြင် ဆီစက်လုပ်ငန်းများဖွံ့ဖြိုးရေးချေးငွေစီမံခန့်ခွဲမှုလုပ်ငန်းအဖွဲ့သည် လိုအပ်ပါက ဆီစက်လုပ်ငန်းများ ဖွံ့ဖြိုးရေးချေးငွေစီမံခန့်ခွဲမှုလုပ်ငန်းအဖွဲ့ခွဲများအား တိုင်း/ပြည်နယ်အသီးသီးတွင် ဖွဲ့စည်း၍ မြေပြင်ကွင်းဆင်းစိစစ်ခြင်း၊ကြီးကြပ်ခြင်းနှင့်အစီရင်ခံခြင်းတို့အား လိုအပ်သလို တာဝန်ပေးအပ်နိုင်ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here