ဝန်ကြီးချုပ်ဟောင်း အာဘေး၏ နိုင်ငံတော်ဈာပနအတွက် ဒေါ်လာ ၁ ဒသမ ၈၃ သန်းသုံးစွဲမည်

0
106

ဝန်ကြီးချုပ်ဟောင်း အာဘေး၏ နိုင်ငံတော်ဈာပနအတွက် ဒေါ်လာ ၁ ဒသမ ၈၃ သန်းသုံးစွဲမည်

တိုကျို၊ဩဂုတ် ၂၆

ပေါင်းစည်းရေးအသင်းတော်နှင့် အာဏာရပါတီ၏ဆက်ဆံရေးကြောင့် လူထုဆန့်ကျင်မှုများမြင့်မားလာသော်လည်း လုပ်ကြံသတ်ဖြတ်ခံခဲ့ရသည့် ဝန်ကြီးချုပ်ဟောင်းရှင်ဇိုအာဘေး၏ နိုင်ငံတော်ဈာပနအတွက် ဒေါ်လာ ၁ ဒသမ ၈၃ သန်းအသုံးပြုမည်ဟု ဂျပန်အစိုးရကကြေငြာခဲ့သည်။

ဂျပန်နိုင်ငံ၏ သက်တမ်းအရှည်ကြာဆုံးဝန်ကြီးချုပ် အာဘေးသည်ဇူလိုင် ၈ ရက်က ကျင်းပသောမဲဆွယ်ပွဲတွင် ပစ်ခတ်သတ်ဖြတ်ခံခဲ့ရပြီး မကြာမီပင်ဈာပနအခမ်းအနားကျင်းပခဲ့သော်လည်း ဂျပန်နိုင်ငံက စက်တင်ဘာ ၂၇ ရက်တွင် တိုကျိုမြို့ နိပွန်ဘူဒိုကန်ကွင်း၌ နိုင်ငံတော်ဈာပနကျင်းပရန်ဆုံးဖြတ်ခဲ့သည်။

ဝန်ကြီးချုပ်ဖူမီရိုကီရှီဒါ၏အစိုးရသည် အာဘေး၏ဈာပနကို နိုင်ငံတော်ရန်ပုံငွေဖြင့် ပေးဆောင်မည်ဟုဆုံးဖြတ်ခဲ့ပြီး ခန့်မှန်းခြေ ကုန်ကျစရိတ်ကို သောကြာနေ့က အတည်ပြုခဲ့ခြင်းသည်။

သို့သော်သဘောထားစစ်တမ်းကောက်ယူမှုဒေတာများအရ နိုင်ငံတော်ရန်ပုံငွေမှကုန်ကျစရိတ်ကိုသုံးရန် ကန့်ကွက်မှုများလည်းရှိခဲ့သည်။တနင်္ဂနွေနေ့ကထုတ်ပြန်သော နောက်ဆုံးစစ်တမ်းအရ ၅၃ ရာခိုင်နှုန်းသောပြည်သူများက အဆိုပါနိုင်ငံတော်ဈာပနကိုကန့်ကွက်ခဲ့ကြသည်။

လက်ရှိအာဏာရပါတီနှင့်ပေါင်းစည်းရေးအသင်းတော်တို့ကြားက ဆက်ဆံရေးကြောင့်လဲပြည်သူလူထုက မကျေမနပ်ဖြစ်နေကာ အဆိုပါပြဿနာသည် ဝန်ကြီးချုပ်ကီရှီဒါအားထောက်ခံမှုများလျော့ကျသွားစေခဲ့ပြီး အဓိကခေါင်းစားစရာပြဿနာဖြစ်လာခဲ့သည်။

၁၉၅၀ ပြည့်လွန်နှစ်များကာလ၌ တောင်ကိုရီးယားတွင်တည်ထောင်ခဲ့ပြီး စုပေါင်းမင်္ဂလာပွဲများကျင်းပရာတွင်ကျော်ကြားသော ဘုရားကျောင်းသည် ယခုချိန်ထိ မည်သည့်အလှူငွေများဖြင့်ရပ်တည်နေသနည်းဟူသောမေးခွန်းထုတ်စရာများနှင့် ရင်ဆိုင်ခဲ့ရသည်။

အာဘေးကို လုပ်ကြံသတ်ဖြတ်သူဟု သံသယရှိသူသည် အခင်းဖြစ်ပွားရာနေရာ၌ပင် ဖမ်းဆီးခံခဲ့ရပြီး ဘုရားကျောင်းကမိခင်ဖြစ်သူအား ဒေဝါလီခံရသည်အထိ နစ်နာစေခဲ့သည်ဟုစွပ်စွဲကာ ဒေါသထွက်ခဲ့သည်။၎င်း၏ဆိုရှယ်မီဒီယာ၌တင်ထားသည့် သတင်းများနှင့် မီဒီယာသတင်းများအရ အာဘေးသည် အဆိုပါဘုရားကျောင်းအားထောက်ပံ့ခဲ့သဖြင့် အပြစ်တင်မိကာ ယခုလိုလုပ်ကြံရခြင်းဖြစ်သည်ဟုဆိုခဲ့သည်။

အဆိုပါအမျိုးသားအား စိတ်ရောဂါဆိုင်ရာ အကဲဖြတ်မှုများ ပြုလုပ်ထားကြောင်း မီဒီယာများကဖော်ပြသည်။

ဂျပန်နိုင်ငံတွင် နိုင်ငံတော်ရန်ပုံငွေဖြင့် ဝန်ကြီးချုပ်များ၏ဈာပနကို နောက်ဆုံးအကြိမ်ပြုလုပ်ခဲ့သည်မှာ ၁၉၆၇ ခုနှစ်ကကွယ်လွန်ခဲ့သော ဝန်ကြီးချုပ် ရှီဂိယုယိုရှီဒါ ၏ဈာပနဖြစ်ပြီး ထို့နောက်ပိုင်းတွင်မူ မစ္စတာအာဘေး၏အရှိန်အဝါကြီးမားခဲ့ဖူးသည့် အာဏာရလစ်ဘရယ်ဒီမိုကရက်တစ်ပါတီ (LDP) နှင့် နိုင်ငံတော်ရန်ပုံငွေတို့ပေါင်းစပ်ကာအသုံးပြုခဲ့ကြသည်။

နိုင်ငံတော်ဈာပနသို့ အမေရိကန်သမ္မတဟောင်း ဘားရက်အိုဘားမားတက်ရောက်ရန်စီစဉ်မှုများ ပြုလုပ်ထားပြီး လက်ရှိကမ္ဘာ့ခေါင်းဆောင်အများအပြားလည်း တက်ရောက်မည်ဟုမျှော်လင့်ရကြောင်း သတင်းများကဆိုသည်။သို့‌သော် ရုရှားသမ္မတ ဗလာဒီမာပူတင် တက်ရောက်မည်မဟုတ်ကြောင်း ကရင်မလင်နန်းတော်က ဇူလိုင်လတွင်ပြောကြားခဲ့သည်။

Source -ရိုက်တာ

 


LEAVE A REPLY

Please enter your comment!
Please enter your name here