မြစ်ကြီးနားမြို့တွင် အမျိုးသမီး ၃ ဦးထံမှငွေကျပ်သိန်း ၁၃၀၀ နီးပါးတန်ဖိုးရှိ စိတ်ကြွဆေးပြားများဖမ်းမိ

0
142

မြစ်ကြီးနားမြို့တွင် အမျိုးသမီး ၃ ဦးထံမှငွေကျပ်သိန်း ၁၃၀၀ နီးပါးတန်ဖိုးရှိ စိတ်ကြွဆေးပြားများဖမ်းမိ

ကချင်ပြည်နယ်၊မြစ်ကြီးနားမြို့၊စီတာပူရပ်ကွက်၊ဆိမ်ဆလမ်းတွင် ကချင်ပြည်နယ်ရဲတပ်ဖွဲ့ဝင်များက သြဂုတ် ၂၆ ရက်ညပိုင်းတွင်  ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယင်းနေ့ည ၈ နာရီ ၄၀ မိနစ်ခန့်က ကချင်ပြည်နယ်ရဲတပ်ဖွဲ့မှတပ်ဖွဲ့ဝင်များသည် သတင်းအရ စီတာပူရပ်ကွက်၊ဆိမ်ဆလမ်းတွင် မကိုင်ရော်(၃၃)နှစ်မောင်းကာ မဆိုင်းနန်(၃၃)နှစ် လိုက်ပါလာသည့် ဆိုင်ကယ်အား တားဆီးစစ်ဆေးခဲ့ကြသည်။

ထိုသို့ စစ်ဆေးရာ စိတ်ကြွဆေးပြား ၂၇၀၀ ပြားအား ဖမ်းဆီးရမိခဲ့သဖြင့် စစ်ဆေးချက်အရ ည ၉ နာရီတွင် ၎င်းတို့ဌားရမ်းနေထိုင်သည့် နေအိမ်အား ၀င်ရောက်ရှာဖွေစစ်ဆေးခဲ့ကြသည်။

နေအိမ်၌ မလုလုအောင်(၃၀)နှစ်အား စိတ်ကြွဆေးပြား ၈၃၇၀၀ ပြားနှင့်အတူ ထပ်မံဖမ်းဆီးရမိခဲ့ရာ စိတ်ကြွဆေးပြားစုစုပေါင်း ၈၆၄၀၀ ပြား(ငွေကျပ် ၁၂၉၆ သိန်း)အား ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်ဟု ရဲတပ်ဖွဲ့မှ သိရသည်။

ထို့ကြောင့် ဖမ်းဆီးရမိသူ ၃ ဦးအား မြစ်ကြီးနားမြို့မရဲစခန်းက မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ  အရေးယူကာ ဆက်စပ်ပြစ်မှုကျူးလွန်သူများအားထပ်မံဖမ်းဆီးရမိရေးအတွက် စစ်ဆေးလျက်ရှိသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here