ရေကြီးရေလျှံမှုများ‌ ကြောင့်အကူအညီလိုအပ်ဟုပါကစ္စတန်နိုင်ငံခြားရေးဝန်ကြီးပြော

0
147

ရေကြီးရေလျှံမှုများ‌ ကြောင့်အကူအညီလိုအပ်ဟုပါကစ္စတန်နိုင်ငံခြားရေးဝန်ကြီးပြော

အစ္စလာမာဘတ်၊ဩဂုတ် ၂၈

ရေကြီးရေလျှံမှုပြသနာများကို ကိုင်တွယ်ဖြေရှင်းရန်အတွက် ပါကစ္စတန်သည် ဘဏ္ဍာရေးအကူအညီလိုအပ်နေသဖြင့် အပြည်ပြည်ဆိုင်ရာငွေကြေးရန်ပုံငွေအဖွဲ့ (IMF) ကဲ့သို့သော အဖွဲ့များအနေဖြင့် စီးပွားရေးကျဆင်းမှုကို ထည့်သွင်းစဉ်းစားကာကူညီပေးရန် နိုင်ငံခြားရေးဝန်ကြီးက ဩဂုတ် ၂၈ ရက်နေ့ကပြောကြားခဲ့သည်။

မုတ်သုံမိုးသည်းထန်စွာရွာသွန်းမှုကြောင့် နိုင်ငံမြောက်ပိုင်းနှင့်တောင်ပိုင်းဒေသများတွင် ရေကြီးရေလျှံမှုများဖြစ်ပေါ်ခဲ့ပြီး လူဦးရေသန်းသုံးဆယ်ကျော်ထိခိုက်ကာ ၁,၀၀၀ ကျော်သေဆုံးခဲ့သည်။

“ကျွန်တော့်အနေနဲ့ဒီလောက်ဆိုးဆိုးရွားရွားထိခိုက်ပျက်စီးတာတစ်ခါမှမကြုံဖူးခဲ့ဘူး၊ပြောရတာတောင်ခက်ပါတယ်” ဟု ပါကစ္စတန်နိုင်ငံခြားရေးဝန်ကြီး ဘီလာဝါးဘူတိုဇာဒါရီ အားရိုက်တာသတင်းဌာနမှမေးမြန်းရာတွင်ပြောကြားခဲ့သည်။ထို့ပြင်၎င်းက ရေကြီးမှုကြောင့်စိုက်ပျိုးသီးနှံအများအပြားလည်းပျက်စီးဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့သည်ဟုဆိုသည်။

“ဒီလိုပျက်စီးမှုတွေက စီးပွားရေးစနစ်တစ်ခုလုံးကိုပါထိခိုက်တယ်ဆိုတာသိသာပါတယ်” ဟုထပ်မံပြောကြားခဲ့သည်။တောင်အာရှနိုင်ငံသည် စီးပွားရေးအကျပ်အတည်းနှင့်လည်း ရင်ဆိုင်ခဲ့ရပြီး ငွေကြေးဖောင်းပွမှု၊ငွေကြေးတန်ဖိုးကျဆင်းမှုနှင့် ဘတ်ဂျက်လိုငွေပြမှုများနှင့်လည်း ရင်ဆိုင်နေရသည်။

IMF ဘုတ်အဖွဲ့သည် ကန်ဒေါ်လာ ၁ ဒသမ ၂ ဘီလီယံအား ပါကစ္စတန်သို့ထုတ်ပေးမည်မပေးမည်ကို ယခုတစ်ပတ်အတွင်း ဆုံးဖြတ်မည်ဖြစ်ကြောင်းလည်းသိရှိရသည်။ပါကစ္စတန်အရာရှိများနှင့် IMF ဝန်ထမ်းများအကြားသဘောတူညီမှုရရှိထားပြီးဖြစ်သဖြင့် လာမည့်လများတွင် IMF အနေဖြင့် ရေလွှမ်းမိုးမှု၏နောက်ဆက်တွဲဆိုးကျိုးများကိုအသိအမှတ်ပြုလျက် ထောက်ပံ့ငွေပေးအပ်ရန်မျှော်လင့်သည်ဟု ဘူတိုဇာဒါရီကပြောကြားခဲ့သည်။

ပါကစ္စတန်နိုင်ငံ၏ ဗဟိုဘဏ်သည်လည်း စံချိန်တင်ရွာသွန်းခဲ့သည့် မုတ်သုံမိုးကြောင့် စိုက်ပျိုးရေးကိုထိခိုက်ခဲ့သဖြင့် စီးပွားရေးကိုပါထိခိုက်နိုင်ကြောင်းကြိုတင်အသိပေးထားပြီးဖြစ်သည်။ထို့ပြင်ပါကစ္စတန်အနေဖြင့် ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများကိုပါ ကယ်ဆယ်ရေးလုပ်ငန်းများတွင်ပါဝင်ကူညီပေးရန်မေတ္တာရပ်ခံပန်ကြားမည်ဟု ဝန်ကြီးကဆိုသည်။အာဏာပိုင်များအနေဖြင့်လည်း ရာသီဥတုပြောင်းလဲမှု၏ ရေရှည်အကျိုးသက်ရောက်မှုများကို မည်သို့ကိုင်တွယ်ဖြေရှင်းမည်ကိုလေ့လာရန် လိုအပ်သည်ဟုလည်းပြောကြားခဲ့သည်။

“နောက်တစ်ဆင့်အနေနဲ့ကတော့ ပြန်လည်ထူထောင်ရေးနဲ့ပြန်လည်တည်ဆောက်ရေးတွေအတွက် IMF နဲ့သာမက ကမ္ဘာ့ဘဏ်၊အာရှဖွံ့ဖြိုးရေးဘဏ်တို့နဲ့ပါ စကားပြောဆိုမှုတွေပြုလုပ်သွားပါမယ်” ဟု ဘူတိုဇာဒါရီကပြောကြားခဲ့သည်။ယခုရေကြီးမှုအတွက် ကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်ပြီးပါက နိုင်ငံအတွင်း ရေကြီးမှုနှင့်မိုးခေါင်မှုနှစ်ခုစလုံးအား ခံနိုင်ရည်ရှိသော အခြေခံအဆောက်အအံုများနှင့် စိုက်ပျိုးရေးကဏ္ဍကိုပါကိုင်တွယ်ဖြေရှင်းရန်လိုအပ်သည်ဟုလည်း ပြောကြားခဲ့သည်။

Source -ရိုက်တာ


LEAVE A REPLY

Please enter your comment!
Please enter your name here