တရုတ် Sinopec သည် ပထမဆုံးကာဗွန်ဖမ်းယူသိုလှောင်စက်ရုံကိုတည်ဆောက်ပြီး ၂၀၂၅ တွင်နောက်ထပ်နှစ်ခုကိုစီစဉ်လျက်ရှိ

0
225

တရုတ် Sinopec သည် ပထမဆုံးကာဗွန်ဖမ်းယူသိုလှောင်စက်ရုံကိုတည်ဆောက်ပြီး ၂၀၂၅ တွင်နောက်ထပ်နှစ်ခုကိုစီစဉ်လျက်ရှိ

စင်္ကာပူ၊ဩဂုတ် ၂၉
တရုတ်နိုင်ငံအရှေ့ပိုင်းရှိ Sinopec ကော်ပိုရေးရှင်းသည် နိုင်ငံ၏အကြီးဆုံးကာဗွန်ဖမ်းယူမှုအသုံးချမှုနှင့်သိုလှောင်မှု (CCUS) စက်ရုံကို စတင်လည်ပတ်ခဲ့ပြီး ၂၀၂၅ ခုနှစ်တွင်အလားတူ အရွယ်အစားရှိသည့်စက်ရုံနှစ်ရုံ ထပ်မံတည်ဆောက်ရန်စီစဉ်နေကြောင်းတနင်္လာနေ့ကပြောကြားခဲ့သည်။

၂၀၃၀ ပြည့်နှစ်တွင် နိုင်ငံတွင်း၌ကာဗွန်ထုတ်လွှတ်မှုအမြင့်ဆုံးရောက်ရှိနိုင်သည်ဟု ခန့်မှန်းထားပြီး နိုင်ငံပိုင်ရေနံကုမ္ပဏီကြီးသည် တရုတ်နိုင်ငံရှိရှေ့ပြေး CCUS ပရောဂျက်များကိုတည်ဆောက်နေသည့် ထိပ်တန်းကုမ္ပဏီများထဲမှတစ်ခုဖြစ်သည်။

လွန်ခဲ့သောတစ်နှစ်ကျော်က စတင်တည်ဆောက်ခဲ့သည့် CCUS ပရောဂျက်အသစ်၌ ဟိုက်ဒရိုဂျင်ထုတ်လုပ်သည့်လုပ်ငန်းစဉ်အတွင်း တရုတ်နိုင်ငံတောင်ပိုင်းရှန်ဒေါင်းပြည်နယ်ရှိ Sinopec Qilu သန့်စင်စက်ရုံမှထွက်ရှိသော ကာဗွန်ဒိုင်အောက်ဆိုဒ်များကိုဖမ်းယူကာ ၎င်းစက်ရုံအနီးရှန်းလီရေနံမြေရှိ ရေနံတွင်း ၇၃ တွင်းထဲသို့ပို့လွှတ်ခြင်းများပါဝင်သည်။

လာမည့် ၁၅ နှစ်အတွင်း ရေနံတွင်းများထဲသို့ ကာဗွန်ဒိုင်အောက်ဆိုဒ်တန်ချိန် ၁၀ ဒသမ ၆၈ သန်းထိုးသွင်းနိုင်ရန်ရည်မှန်းထားပြီး ထိုသို့လုပ်ဆောင်ခြင်းကြောင့် ရေနံစိမ်းထုတ်လုပ်မှုတန်ချိန် သုံးသန်းနီးပါးတိုးလာနိုင်ကြောင်းခန့်မှန်းထားသည်။

လက်ရှိတွင် Qilu သန့်စင်စက်ရုံမှထွက်ရှိသော ကာဗွန်ဒိုင်အောက်ဆိုဒ်များကို ရေနံတွင်းများသို့ကားဖြင့်သယ်ဆောင်နေသော်လည်း Sinopec အနေဖြင့် တရုတ်နိုင်ငံ၏ပထမဆုံး ကာဗွန်ဒိုင်အောက်ဆိုဒ်ရွှေ့ပြောင်းသည့် ပိုက်လိုင်းကိုယခုနှစ်ကုန်ပိုင်းတွင် အပြီးသတ်နိုင်ရန်မျှော်လင့်ထားသည်။

“တရုတ်၏ CCUS သည်နည်းပညာပိုင်းအချို့တွင်နောက်ကျနေကာ စမ်းသပ်ဆဲအဆင့်တွင်ရှိနေသော်လည်း ၎င်းသည်ကမ္ဘာ့အဆင့်အခြားပရောဂျက်များနှင့် တန်းတူဖြစ်သည်” ဟု Sinopec မှထုတ်ပြန်ချက်တွင်ပြောကြားခဲ့သည်။

Sinopac သည် ၂၀၂၅ ခုနှစ်တွင် CCUS သုတေသနနှင့်ဖွံ့ဖြိုးရေးစင်တာကိုတည်ဆောက်မည်ဖြစ်ပြီး၊ CCUS အား လေနှင့်နေရောင်ခြည်စွမ်းအင်၊CCUS နှင့် ဟိုက်ဒရိုဂျင်စွမ်းအင်အပါအဝင် ဇီဝလောင်စာများဖြင့်ပေါင်းစပ်ခြင်းကဲ့သို့သော နည်းပညာများဖွံ့ဖြိုးတိုးတက်လာစေရန် အာရုံစိုက်လုပ်ဆောင်မည်ဖြစ်ကြောင်း ကုမ္ပဏီမှပြောကြားခဲ့သည်။

ယမန်နှစ်က Sinopec သည် ကာဗွန်ဒိုင်အောက်ဆိုဒ်တန်ချိန် ၁ ဒသမ ၅၂ သန်းကျော်ကို ဖမ်းယူသိမ်းဆည်းခဲ့သည်။Sinopac သည် အနီးနားရှိ ဟွာဒမ်နှင့် ဂျန်ဆူ ရေနံတွင်းများ၌ လာမည့်နှစ်အနည်းငယ်အတွင်း နောက်ထပ်ရှေ့ပြေးပရောဂျက်နှစ်ခုကိုတည်ဆောက်ရန်ရည်မှန်းထားသည်ဟုသိရှိရသည်။

Source -ရိုက်တာ


LEAVE A REPLY

Please enter your comment!
Please enter your name here