စားသုံးရန်မသင့်သည့် စားသောက်ကုန်ပစ္စည်း ၃၉ မျိုးအား FDA Myanmar ထုတ်ပြန်

0
657

စားသုံးရန်မသင့်သည့် စားသောက်ကုန်ပစ္စည်း ၃၉ မျိုးအား FDA Myanmar ထုတ်ပြန်

ကျန်းမာရေးဝန်ကြီးဌာန၏ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲမှုဦးစီးဌာန(FDA Myanmar)က သြဂုတ် ၃၀ ရက်(ယနေ့)တွင် စားသုံးရန်မသင့်သည့် စားသောက်ကုန်ပစ္စည်း ၃၉ မျိုးအား အသိပေးထုတ်ပြန်ခဲ့သည်။

အဆိုပါ စားသောက်ကုန်ပစ္စည်းများ၌ Benzoic acid, Sodium Cyclamate, Residual So2, Sodium Benzoate, Potassium Sorbate, Postassium Sorbate တို့အားသတ်မှတ်ပမာဏထက်ပို့ပိုမိုသုံးစွဲထားခြင်း၊ ခွင့်မပြုဆိုးဆေး Rhodamine B, Orange ll, Auramine O များပါဝင်ခြင်း၊ အဏုဇီဝသတ်မှတ်ချက်ဖြင့် ကိုက်ညီမှုမရှိခြင်းတို့အား စစ်ဆေးတွေ့ရှိခဲ့ရကြောင်း သိရသည်။

 

ယင်း စားသောက်ကုန်များအား ရေရှည်စားသုံးမိပါက အစာအိမ်၊အသည်း၊ကျောက်ကပ်များပျက် စီးနိုင်ခြင်းနှင့်ကင်ဆာရောဂါများဖြစ်ပွားစေနိုင်၍ အဆိုပါ စားသောက်ကုန် ၃၉ မျိုးအား နောက်ထပ်ကြေညာချက်ထုတ်ပြန်သည်အထိ စားသုံးခြင်းမပြုရန် FDA Myanmar ကအသိပေးခဲ့သည်။

ထို့ပြင် အစားအသောက်ထုတ်လုပ်၊ဖြန့်ဖြူး၊ ရောင်းချသူများသည် အစားအသောက်တွင် သုံး စွဲရန်ခွင့်မပြုသော ဆိုးဆေးများ၊ခွင့်မပြုတာရှည်ခံဓာတုပစ္စည်းများကို လုံးဝအသုံးမပြုရန်၊ခွင့်ပြုအစားအသောက်ထပ်ဖြည့်ဓာတုပစ္စည်းများကို သတ်မှတ်ပမာဏအတွင်းသာ အသုံးပြုရန်ညွှန်ကြားထားသည်။

ထိုသို့ ညွှန်ကြားမှုများအား လိုက်နာခြင်းမရှိပါက အမျိုးသားအစားအသောက်ဥပဒေပုဒ်မ ၂၈(က) အရအရေးယူမည်ဟု FDA Myanmar ကအသိ ပေးခဲ့သည်။

FDA Myanmar အသိပေးထုတ်ပြန်ခဲ့သည့် စားသုံးရန်မသင့်သော စားသောက်ကုန်ပစ္စည်း ၃၉ မျိုးအား ဈေးများ၊ကျောင်းမုန့်ဈေးတန်းများမှ ဝယ်ယူစစ်ဆေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ကျန်းမာရေးဝန်ကြီးဌာန၏ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန(FDA Myanmar) သည် အရည်အသွေးစစ်မှန်ကောင်းမွန်ပြီး ဘေး အန္တရာယ်ကင်းရှင်းသည့် အစားအသောက်များအား ပြည်သူများစားသုံးနိုင်ရန်ကြပ်မတ်စစ်ဆေးလျက်ရှိသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here