ပြည်ပရောက်မြန်မာများ၏ ဝင်ငွေများ ဒေါ်လာများကို ဝယ်ယူထားသူများအနေဖြင့် (၂၁) ရက်အတွင်း အစိုးရထံ အပ်ရမည်ဟု ဗဟိုဘဏ်အမိန့်ထုတ်
ပြည်ပရောက် မြန်မာများ၏ ဒေါ်လာဖြင့်ရသည့် ဝင်ငွေများကို စိတ်ကြိုက် သုံးစွဲခွင့် ရောင်းချခွင့်ရှိသော်လည်း ပြန်လည် ဝယ်ယူထားသူများအနေဖြင့် (၂၁) ရက်အတွင်း အစိုးရထံ အပ်နှံရမည်ဟု ဗဟိုဘဏ်က အမိန့်ထုတ်ပြန်လိုက်သည်။
ဩဂုတ်လ (၃၀) ရက် ရက်စွဲဖြင့် ဗဟိုဘဏ် ဥက္ကဋ္ဌက ၎င်းအား အပ်နှင်းထားသော လုပ်ပိုင်ခွင့်ကို ကျင့်သုံး၍ အဆို ပါ အမိန့်ကို ထုတ်ပြန်ခြင်း ဖြစ်ကြောင်း ဗဟိုဘဏ်၏ ထု တ်ပြန်ချက်တွင် ဖော်ပြသည်။
အဆိုပါ အမိန့် ထုတ်ပြန်ချက်တွင် ပြည်ပရောက် မြန်မာ နိုင်ငံသားများ၏ နိုင်ငံခြားငွေဖြင့် ရရှိသည့် ဝင်ငွေများကို AD ဘဏ်များမှ တဆင့် ပြည်တွင်းသို့ လွှဲပြောင်း ရာ တွင် မိမိကိုယ်တိုင် အသုံးပြုရန်ဖြစ်စေ၊ အခြားသူများသို့ လွှဲပြောင်းခြင်းကို ဖြစ်စေ၊ ဘဏ်များသို့ ရောင်ချခြင်းကို ဖြစ်စေ လွတ်လပ်စွာ လုပ်ဆောင်နိုင် ကြောင်းသိရသည်။
အဆိုပါ လုပ်ခလစာ ဝင်ငွေများကို တစ်ဆင့် ပြန်လည် ဝယ်ယူထားသူများအနေဖြင့် ထပ်ဆင့် လွှဲပြောင်းခြင်း၊ ရောင်းချခြင်းများ ပြုလုပ်ပိုင်ခွင့် မရှိဘဲ အစိုးရထံ ဗဟိုဘဏ်၏ သတ်မှတ်ဈေးနှုန်းဖြစ်သည့် (၁) ဒေါ်လာ (၂၁၀၀) ကျပ်ဖြင့် လဲလှယ်ရမည်ဖြစ်ကြောင်း အမိန့်ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။
ယင်းသို့ ဆောင်ရွက်ရာတွင် ပြည်ပရောက် မြန်မှာနိုင်ငံသား၏ ဝင်ငွေများကို ပြည်တွင်းသို့ ပြန်လည် လွှဲပြောင်းရာ၌ AD ဘဏ်များထံ ငွေဝင်သည့် နေ့မှစ၍ (၂၁) ရက်အတွင်း အစိုးရထံ ပြန်လည် အပ်နှံရမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ အမိန့်သည် စက်တင်ဘာလ (၁) ရက်မှ စတင်ကာ အကျိုးသက်ရောက်မည်ဖြစ်ကြောင်း ဗဟိုဘဏ် ထုတ်ပြန်ချက်အရ သိရသည်။