ဂျပန်ဝန်ကြီးချုပ်က ပေါင်းစည်းရေးအသင်းတော်နှင့် LDP ဆက်ဆံရေးကိုဖြတ်တောက်မည်ဟုကတိပြု

0
159

ဂျပန်ဝန်ကြီးချုပ်က ပေါင်းစည်းရေးအသင်းတော်နှင့် LDP ဆက်ဆံရေးကိုဖြတ်တောက်မည်ဟုကတိပြု

တိုကျို၊ဩဂုတ် ၃၁

မိမိ၏အာဏာရ လစ်ဘရယ်ဒီမိုကရက်တစ်ပါတီသည် ပေါင်းစည်းရေးအသင်းတော်ဟောင်းနှင့် အဆက်အသွယ်ဖြတ်မည်ဟု ဂျပန်ဝန်ကြီးချုပ် ဖူမီရိုကီရှီဒါက ဗုဒ္ဓဟူးနေ့တွင်ပြောကြားခဲ့သည်။

ကိုဗစ်ကြောင့် သီးခြားခွဲ‌နေရပြီးနောက် ၎င်း၏ပထမဆုံးလူတွေ့ သတင်းစာရှင်းလင်းပွဲတွင် ဝန်ကြီးက LDP လွှတ်တော်အမတ်များ၏ အဓိကပြဿနာဖြစ်သော ယင်းဘာသာရေးအဖွဲ့နှင့် ဆက်ဆံရေးအတွက် အများပြည်သူအားတောင်းပန်ခဲ့သည်။

“ခုကိစ္စနဲ့ပတ်သက်ပြီး ပြည်သူတွေဆီက စိုးရိမ်မှုတွေနဲ့သံသယတွေကို ကျနော်တို့ ကြားသိနေရတဲ့အတွက် လစ်ဘရယ်ဒီမိုကရက်တစ်ပါတီဥက္ကဌ တစ်ဦးအနေနဲ့ ရိုးသားစွာတောင်းပန်လိုပါတယ်” ဟု၎င်းကဆိုခဲ့သည်။

“လွှတ်တော်အမတ်များအနေဖြင့် ၎င်းတို့၏ ဆက်ဆံရေးကိုစွန့်လွှတ်ကာ အဆိုပါအဖွဲ့အစည်းနှင့်ဆက်ဆံရေးအားလုံးကို ဖြတ်တောက်သင့်သည်” ဟု ဝန်ကြီးချုပ်ကပြောကြားခဲ့ပြီး “ဒါဟာ ပါတီရဲ့အခြေခံမူဝါဒဖြစ်သင့်ပြီး အမတ်အားလုံးကို အဲ့ဒီအဖွဲ့အစည်းနဲ့အဆက်အသွယ်ဖြတ်ဖို့ သေချာစွာညွှန်ကြားသင့်ပါတယ်” ဟုလည်းဆိုသည်။

ဝန်ကြီးက ၎င်း၏ပါတီသည် အသင်းတော်နှင့် အဖွဲ့ဝင်များကြားရှိဆက်ဆံရေးအား စုံစမ်းမှုရလဒ်များကို ထုတ်ပြန်မည်ဖြစ်ကြောင်းပြောကြားခဲ့သည်။”လစ်ဘရယ် ဒီမိုကရက်တစ်ပါတီအနေဖြင့် ကျွန်ုပ်တို့၏ တာဝန်ခံမှုကို ဖြည့်ဆည်းကာ လူထု၏ယုံကြည်မှုကိုပြန်လည်ရရှိရန် တင်းကြပ်သော အစီအမံများကိုဆောင်ရွက်သွားပါမည်” ဟုလည်း ၎င်းကပြောကြားခဲ့သည်။

ဇူလိုင်လက ဝန်ကြီးချုပ်ဟောင်းအာဘေးကို လုပ်ကြံသူအဖြစ်သံသယရှိသူသည် ၎င်းအနေဖြင့် မစ္စတာအာဘေး၏ပါတီနှင့် အဆိုပါအသင်းတော်တို့ကြားဆက်နွယ်မှုရှိနေသဖြင့် အသင်းတော်အပေါ်မကျေနပ်မှုကြောင့် လုပ်ကြံခြင်းဖြစ်သည်ဟုဆိုခဲ့သည်။ထိုအချက်ကြောင့်ပင် ဂျပန်၌အဆိုပါအသင်းတော်နှင့်နိုင်ငံရေးသမားများအကြား ချိတ်ဆက်မှုများကသတိထားမိစရာဖြစ်လာခဲ့သည်။

ထို့နောက် ဂျပန်နိုင်ငံရေးသမားများ (အထူးသဖြင့် LDP လွှတ်တော်အမတ်များ)နှင့် အဖွဲ့ကြားက ချိတ်ဆက်မှုများ ပေါ်လာပြီး ဝန်ကြီးချုပ်ကီရှီဒါအပေါ် ထောက်ခံမှုများကိုကျဆင်းစေခဲ့သည်။ယခုလအစောပိုင်း၌ နစ်ကေးကပြုလုပ်ခဲ့သော ထောက်ခံမှုစစ်တမ်းတွင် ဝန်ကြီးချုပ်အားထောက်ခံသူဦးရေသည် ၅၇ ရာခိုင်နှုန်းသာရှိပြီး မေလက ၆၆ ရာခိုင်နှုန်းရှိခဲ့ရာမှလျော့ကျသွားခြင်းဖြစ်သည်။

၈၂ ရာခိုင်နှုန်းသော ဖြေဆိုသူများကမူ ၎င်းတို့အနေဖြင့် အဆိုပါအသင်းတော်နှင့်အမတ်များ၏ ပတ်သက်မှုအားဖြေရှင်းချက်ကို အားမရကြောင်းဖြေဆိုခဲ့ကြသည်။အခြားသော သတင်းအဖွဲ့အစည်းများ၏ မကြာသေးမီက စစ်တမ်းများတွင်လည်း ဝန်ကြီးချုပ်ကို ထောက်ခံမှုကျဆင်းသွားကြောင်းပြသခဲ့သည်။

ထိုနေ့၌ပင် ကီရှီဒါသည် အာဘေးအတွက် နိုင်ငံတော်ဈာပနကျင်းပရန် ၎င်း၏ အစီအစဉ်ကိုပြောဆိုခဲ့သည်။သို့‌သော်သဘောထားစစ်တမ်းများအရ လူထုအများစုက အဆိုပါကိစ္စအပေါ်ကန့်ကွက်ခဲ့ကြသည်။အာဘေး၏ ဈာပနကို စက်တင်ဘာ ၂၇ ရက်တွင် ကျင်းပမည်ဖြစ်ပြီး ကမ္ဘာတစ်ဝန်းမှ လူပေါင်း ၆၀၀၀ ခန့် တက်ရောက်မည်ဟုမျှော်လင့်ရသည်ဟုဆိုသည်။  အစိုးရသည်ထိုပွဲအတွက် ယန်း သန်းပေါင်း ၂၅၀ (ဒေါ်လာ ၁ ဒသမ ၈ သန်း) ကုန်ကျမည်ဟုခန့်မှန်းထားသည်။

” လွှတ်တော် ရဲ့ ရုပ်မြင်သံကြားအစီအစဉ်ကို တက်ရောက်ပြီး နိုင်ငံတော်ဈာပနနဲ့ ပတ်သက်လို့ ကျွန်တော့်ရဲ့ဆုံးဖြတ်ချက် အပေါ်မေးလာမဲ့မေးခွန်းတွေကိုလည်း ဖြေကြားခွင့်ရချင်ပါတယ်” ဟုကီရှီဒါက ဆိုသည်။

နယ်စပ်ထိန်းချုပ်ရေးအစီအမံများနှင့်ပတ်သက်၍မူ ဂျပန်သည်စက်တင်ဘာ ၇ ရက်မှစကာ လက်ရှိနေ့စဉ်ဆိုက်ရောက်ခရီးသည်များပမာဏကို ၂၀,၀၀၀ မှ ၅၀,၀၀၀ သို့ တိုးမြှင့်မည်ဟုပြောကြားခဲ့သည်။

အသေးစိတ်အချက်အလက်များကို မဖော်ပြသေည်လည်း ဂျပန်သည်ဧည့်လမ်းညွှန်များမပါသည့် ပက်ကေ့ဂျ်ခရီးစဉ်များကို  နိုင်ငံအားလုံးအတွက်ပြန်လည်စတင်တော့မည်ဖြစ်ကြောင်းလည်းပြောကြားခဲ့သည်။

ဂျပန်သည် ဇွန်လတွင် ခရီးသွားများအတွက်နယ်စပ်ကို ပြန်လည်ဖွင့်လှစ်ခဲ့သည်။သို့သော် ဤအစီအစဉ်သည် ပက်ကေ့ဂျ်ခရီးစဉ်အတွက်သာဖြစ်ပြီး ဧည့်သည်များအတွက် ဧည့်လမ်းညွှန်များက မဖြစ်မနေလိုက်ပါဆောင်ရွက်ပေးရသည်။ထို့‌ကြောင့်ပင် ဇွန်လနှင့်ဇူလိုင်လများအတွင်း ဤအစီအစဉ်ကြောင့် ဂျပန်နိုင်ငံသို့ ခရီးသွား ၈၀၀၀ ခန့်သာ လာရောက်လည်ပတ်ခဲ့သည်။

Source -နစ်ကေးအေးရှ


LEAVE A REPLY

Please enter your comment!
Please enter your name here