ရေနံရှာဖွေရေးအတွက် ဖိလစ်ပိုင်အနေဖြင့်တရုတ်ဝန်ကြီးနှင့်ဆွေးနွေးရန်လမ်းဖွင့်ထားဟုဆို

0
200

ရေနံရှာဖွေရေးအတွက် ဖိလစ်ပိုင်အနေဖြင့်တရုတ်ဝန်ကြီးနှင့်ဆွေးနွေးရန်လမ်းဖွင့်ထားဟုဆို

မနီလာ၊ဩဂုတ် ၃၁

ဖိလစ်ပိုင်သည် ရေနံနှင့်သဘာဝဓာတ်ငွေ့ ရှာဖွေရေးအတွက် တရုတ်နှင့်ဆွေးနွေးပွဲအသစ်များပြုလုပ်ရန် လမ်းဖွင့်ထားကြောင်း နိုင်ငံခြားရေးဝန်ကြီးက ဗုဒ္ဓဟူးနေ့တွင်ပြောကြားခဲ့သည်။

သို့သော်ယင်းသို့ပြုလုပ်မည်ဆိုပါက တရုတ်နိုင်ငံသာမက မည်သည့်နိုင်ငံပင်ဖြစ်ပါစေ ဖိလစ်ပိုင်၏ဥပဒေများကိုသာ လေးစားလိုက်နာရမည်ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီး အန်းရစ်ခ် မာနာလို က ၎င်းဌာန၏ ၂၀၂၃ ခုနှစ်အတွက် ဘတ်ဂျက်ဆိုင်ရာ လွှတ်တော်ရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

ဖွဲ့စည်းပုံအခြေခံ ကန့်သတ်ချက်များနှင့် အချုပ်အခြာအာဏာဆိုင်ရာ ပြဿနာများ ကြောင့် မနီလာနှင့်ပေကျင်းတို့ကြား တောင်တရုတ်ပင်လယ်အတွင်း ပူးတွဲစွမ်းအင်ရှာဖွေရေး ဆွေးနွေးပွဲကို ရပ်ဆိုင်းလိုက်ကြောင်း ယခင် နိုင်ငံခြားရေးဝန်ကြီးက ဇွန်လတွင်ကြေငြာခဲ့သည်။

ဇွန်လတွင်အာဏာရရှိခဲ့သော သမ္မတဖာဒီနန်မားကို့စ်ဂျူနီယာက တရုတ်နှင့်ကျွန်တော်တို့ ကြုံတွေ့နေရသော ပဋိပက္ခများကို ဖြေရှင်းနိုင်မည့်နည်းလမ်းများ ရှာဖွေရန်ကြိုးစားမည်ဖြစ်သဖြင့် နှစ်ပေါင်းများစွာ ရေပိုင်နက် အငြင်းပွားမှုများကို ပြေလည်စေကာဆက်ဆံရေး ပြန်လည်ထူထောင်နိုင်မည်ဟု ပြီးခဲ့သည့်လကပြောကြားခဲ့သည်။

တောင်တရုတ်ပင်လယ်ရှိ ရေနံနှင့် သဘာဝဓာတ်ငွေ့ ပူးပေါင်းဆောင်ရွက်မှုနှင့် ပတ်သက်သည့် အနာဂတ်လုပ်ဆောင်ချက်များအား ဖိလစ်ပိုင်၏ဖွဲ့စည်းပုံအခြေခံ ဥပဒေအ‌ပေါ်သာမူတည်ပြီး အမျိုးသား အကျိုးစီးပွားကို ရှေးဦးစွာထည့်သွင်း စဉ်းစားမည်ဖြစ်ကြောင်း ဝန်ကြီးက လွှတ်တော်အမတ်များကိုပြောကြားခဲ့သည်။

မာနာလို ၏ ဖိတ်ခေါ်ချက်ကိုမှတ်ချက်ပေးရန်တောင်းဆိုမှုအား မနီလာရှိ တရုတ်သံရုံးက ချက်ချင်းတုံ့ပြန်ခြင်းမရှိပေ။

၂၀၁၆ ခုနှစ်က နိုင်ငံတကာခုံသမာဓိအဖွဲ့၏ စီရင်ချက် အရ ဖိလစ်ပိုင်သည် ၎င်း၏ မိုင် ၂၀၀ သီးသန့်စီးပွားရေးဇုန်အတွင်း စွမ်းအင်သိုက် များကို ထုတ်ယူရန် အချုပ်အခြာ အာဏာနှင့် လုပ်ပိုင်ခွင့်ရှိကြောင်း ရှင်းရှင်းလင်းလင်းဖော်ပြခဲ့သည်။သို့သော် တောင်တရုတ်ပင်လယ်၏ ၉၀ ရာခိုင်နှုန်းသည် ၎င်း၏ပိုင်နက်နယ်မြေဖြစ်သည်ဟု ကြွေးကြော်ထားသော တရုတ်ကမူအဆိုပါဆုံးဖြတ်ချက်ကို လက်ခံရန်ငြင်းဆိုခဲ့သည်။

Source -ရိုက်တာ

 


LEAVE A REPLY

Please enter your comment!
Please enter your name here