ကိုရီးယားသံ အမတ်ကြီးဖလား တိုက်ကွမ်ဒိုပြိုင်ပွဲ ရန်ကုန်တွင်ကျင်းပ

0
407

ကိုရီးယားသံ အမတ်ကြီးဖလား တိုက်ကွမ်ဒိုပြိုင်ပွဲ ရန်ကုန်တွင်ကျင်းပ

မြန်မာနိုင်ငံ တိုက်ကွမ်ဒိုအဖွဲ့ချုပ်နှင့် ကိုရီးယားသံရုံးတို့ ပူးပေါင်းကျင်းပသော ၂၀၂၂ ခုနှစ်  ကိုရီးယားသံ အမတ်ကြီးဖလား တိုက်ကွမ်ဒိုပြိုင်ပွဲဖွင့်ပွဲကို ရန်ကုန်မြို့သုဝဏ္ဏ(ဘူရောင်း) တိုက်ကွမ်ဒိုလေ့ကျင့်ရေးစင်တာ၌ စက်တင်ဘာလ (၄) ရက်တွင် ကျင်းပခဲ့သည်။

၂၀၂၂ ခုနှစ် ကိုရီးယားသံအမတ်ကြီးဖလား တိုက်ကွမ်ဒိုပြိုင်ပွဲဖွင့်ပွဲတွင် မြန်မာနိုင်ငံဆိုင်ရာ   ကိုရီးယား သံအမတ်ကြီး H.E.Kang Kmygu နှင့် မြန်မာနိုင်ငံတိုက်ကွမ်ဒို အဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးမြဟန်တို့က အမှာစကားများပြောကြားခဲ့ကြပြီး ပြိုင်ပွဲဝင်အားကစားသမားများအား လိုက်လံနှုတ်ဆက်ခဲ့ကာ အမျိုးသား၊ အမျိုးသမီးသက်ငယ်တန်းအဆင့်၊ ဂျူနီယာတန်းအဆင့်၊ ကကွက်၊  အတိုက်ပြိုင်ပွဲများကို ကြည့်ရှုအားပေးကြသည်။


အဆိုပါပြိုင်ပွဲ၌  သက်တန်းအမျိုးအစားအလိုက်အတိုက်(Kyorugi)နှင့် ကကွက် (Poomsae) ပြိုင်ပွဲများ ကျင်းပရာ အသက်၁၄ နှစ်အောက် အမျိုးသား၊ အမျိုးသမီးပြိုင်ပွဲတွင် ပထမတံခွန်စိုက်ဆုဖလားအား ရွှေလေးခု၊ ငွေငါးခု၊ ကြေးနှစ်ခုဖြင့် Dragon အသင်းကလည်းကောင်း၊   ဒုတိယဆုကို ရွှေသုံးခု၊ ကြေးနှစ်ခုဖြင့် ရွှေပြည်သာအသင်းက လည်းကောင်း၊  တတိယဆုကို ရွှေနှစ်ခု၊ ငွေလေးခု၊ ကြေးခုနစ်ခုဖြင့် အောင်ဆန်းအသင်းကလည်းကောင်း အသီးသီးရရှိခဲ့ကြသည်။


အလားတူ  အသက် ၁၇ နှစ်အောက်အမျိုးသား၊ အမျိုးသမီးပြိုင်ပွဲတွင် ပထမတံခွန်စိုက်ဆုဖလားကို  ရွှေခြောက်ခု၊ ငွေသုံးခု၊ ကြေးသုံးခုဖြင့် YCDC အသင်းကလည်းကောင်း၊ ဒုတိယဆုကို ရွှေနှစ်ခု၊ ငွေတစ်ခု၊ ကြေးနှစ်ခုဖြင့် Dragon အသင်းကလည်းကောင်း၊    တတိယဆုကိုရွှေတစ်ခု၊ ငွေနှစ်ခု၊  ကြေးငါးခုဖြင့်   အောင်ဆန်းအသင်းကလည်းကောင်း ရရှိခဲ့ကြသည်။

ဆုရရှိကြသည့် အားကစားအသင်းများနှင့် အားကစားသမားတို့အား မြန်မာနိုင်ငံဆိုင်ရာ ကိုရီးယားသံ အမတ်ကြီး၊ မြန်မာနိုင်ငံ တိုက်ကွမ်ဒိုအဖွဲ့ချုပ်ဥက္ကဋ္ဌနှင့် တာဝန်ရှိသူတို့က  တံခွန်စိုက်ဖလားနှင့် ငွေသားဆုများ ပေးအပ်ချီးမြှင့်ခဲ့သည်။

အဆိုပါပြိုင်ပွဲတွင် ကလပ်အသင်းများမှကစားသမား  ၁၀၀ ကျော်ပါဝင်ကြပြီး ပြိုင်ပွဲပေါင်း ၁၀၀ ကျော်ကျင်းပခဲ့သည်ဟု မြန်မာနိုင်ငံတိုက်ကွမ်ဒိုအဖွဲ့ချုပ်ထံမှ သိရသည်။

တိုက်ကွမ်ဒိုအားကစားသည်  ၁၉၈၇ ခုနှစ်တွင် မြန်မာ-ကိုရီးယား နှစ်နိုင်ငံချစ်ကြည်ရေးနှင့် ယဉ်ကျေးမှုဖလှယ်ရေး အစီအစဉ်အရ  ကိုရီးယားလူမျိုးတိုက်ကွမ်ဒိုနည်းပြတစ်ဦး ရန်ကုန်မြို့သို့ ရောက်ရှိလာပြီး အခြေခံ နှင့်အဆင့်မြင့်   တိုက်ကွမ်ဒိုသင်တန်းများ ဖွင့်လှစ်ခဲ့ရာမှ စတင်ခဲ့ကြောင်း သိရသည်။

၁၉၈၉ ခုနှစ်  ဇွန်  ၁၂ ရက်တွင် မြန်မာနိုင်ငံတိုက်ကွမ်ဒိုအဖွဲ့ချုပ်ကို ဖွဲ့စည်းတည်ထောင်ကာ    မြန်မာနိုင်ငံ တစ်ဝန်း တိုက်ကွမ်ဒိုအားကစားနည်း  ပြန့်ပွားရေးအတွက်  ပိုမိုဆောင်ရွက်နိုင်ခဲ့ကြောင်းနှင့်  ကိုရီးယားသံ အမတ်ကြီးဖလား တိုက်ကွမ်ဒိုပြိုင်ပွဲကို  ၂၀၀၆ ခုနှစ်မှ စတင်ကျင်းပခဲ့ကြောင်းလည်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here