ဂျာမန်စစ်သားများ လစ်သူယေးနီးယားနိုင်ငံသို့ ထပ်မံရောက်ရှိ

0
221

ဂျာမန်စစ်သားများ လစ်သူယေးနီးယားနိုင်ငံသို့ ထပ်မံရောက်ရှိ

ခလူပေးဒါ၊ စက်တင်ဘာ ၅

ရုရှား-ယူကရိန်း အရေးအခင်း နောက်ပိုင်း ဂျာမနီက နေတိုး၏ အရှေ့ဘက်ခြမ်းဒေသများတွင် ၎င်း၏ စစ်တပ်အင်အားကို တိုးမြင့်ပေးမည်ဟု ကတိပြုပြီးနောက် လစ်သူယေးနီးယားသို့ စက်တင်ဘာလ ၄ ရက် တနင်္ဂနွေနေ့က ဂျာမန်စစ်သားတစ်ရာခန့် ရောက်ရှိလာခဲ့သည်။

ဂျာမန် တပ်ဖွဲ့ဝင်များသည် ခလူပေးဒါ ဆိပ်ကမ်းမြို့ရှိ ကူးတို့ဆိပ်မှ လစ်သူယေးနီးယားသို့ ဝင်ရောက်လာခဲ့သည်။

၎င်းတို့သည် စစ်သား လေးထောင်ခန့်ဖြင့် ဖွဲ့စည်းထားသော တပ်မဟာတစ်ခု၏ ကွပ်ကဲရေးအဖွဲ့ကို ဖွဲ့စည်းရန် ရောက်ရှိလာခြင်းဖြစ်သည်။

“အရှေ့ဘက်ခြမ်းမှာရှိတဲ့ မဟာမိတ်တွေဆီ ပါးချင်တဲ့ သတင်းစကားကတော့ ကျွန်တော်တို့ဟာ ဒီဒေသရဲ့ လုံခြုံရေးကို အာမခံနိုင်ဖို့ ကြိုးစားနေပါတယ်” ဟု တပ်မဟာမှူး ခရစ်ရှန် နော်ရက်က ဆိုသည်။

အဆိုပါ ကွပ်ကဲရေး တပ်ဖွဲ့ကို ဘောလ်တစ်နိုင်ငံ၌ အမြဲတစေ ထားရှိသွားမည်ဖြစ်ပြီး တိုက်ခိုက်ရေးတပ်ဖွဲ့များမှာမူ စစ်ရေးလေ့ကျင့်မှုများ ပြုလုပ်ရန် ၎င်းတို့နှင့် ပူးပေါင်းသွားမည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

ပထမဆုံး စစ်ရေးလေ့ကျင့်မှုကို အောက်တိုဘာလတွင် ကျင်းပနိုင်သည်ဟု ဂျာမန်စစ်တပ်မှ အဆင့်မြင့်အရာရှိတစ်ဦးက ပြောကြားခဲ့သည်။

လစ်သူယေးနီးယားတွင် နေတိုးအဖွဲ့ကို ဦးဆောင်နေသည့် ဂျာမနီသည် အဆိုပါနိုင်ငံ၌ ဂျာမန်စစ်သား ထောင့်ငါးရာခန့် ထားရှိထားပြီး ဖြစ်သည်။

ယခင်က ဆိုဗီယက်လက်အောက်ခံ ဘောလ်တစ်နိုင်ငံများဖြစ်သည့် အက်စ်တိုးနီးယား၊ လတ်ဗီးယားနှင့် လစ်သူယေးနီးယားတို့သည် ယခုအခါ ဥရောပသမဂ္ဂအဖွဲ့ဝင်နှင့် နေတိုးအဖွဲဝင် နိုင်ငံများဖြစ်ပြီး ရုရှားက ယူကရိန်းကို အနိုင်ရပါက ၎င်းတို့သည် ရုရှား၏ နောက်ထပ် ပစ်မှတ်များ ဖြစ်လာမည်ကို စိုးရိမ်နေကြသည်။

ယူကရိန်း အရေးအခင်း စတင်ချိန်မှစ၍ ၎င်းတို့သည် နေတိုးတပ်ဖွဲ့ဝင်များ ထပ်မံ ပို့ချပေးရန်နှင့် လက်ရှိတပ်ဖွဲ့များကို အစားထိုးရန်အတွက် တပ်မဟာအသစ်များ ဖန်တီးပေးရန် တောင်းဆိုခဲ့သည်။

ဂျာမန်ဝန်ကြီးချုပ်အိုလက်ဖ် ရှိုဇ်က ၎င်း၏နိုင်ငံသည် လစ်သူယေးနီးယားသို့ တပ်ဖွဲ့ဝင်များ ပိုမိုချထားရန် အဆင်သင့်ဖြစ်နေပြီဟု ဇွန်လတွင် ပြောကြားခဲ့သည်။

Source: CNA


LEAVE A REPLY

Please enter your comment!
Please enter your name here