ပြင်သစ်နှင့်ကန်လွှတ်တော်အမတ်များ ယခုတစ်ပတ်အတွင်း ထိုင်ဝမ်သို့လာမည်

0
208

ပြင်သစ်နှင့်ကန်လွှတ်တော်အမတ်များ ယခုတစ်ပတ်အတွင်း ထိုင်ဝမ်သို့လာမည်

တိုင်ပေ၊စက်တင်ဘာ ၆

ပြင်သစ်လွှတ်တော်အမတ်ငါးဦးနှင့် အမေရိကန်ကွန်ဂရက်လွှတ်တော်မှ ကိုယ်စားလှယ်အဖွဲ့တစ်ဖွဲ့သည် ယခုသီတင်းပတ်အတွင်း ထိုင်ဝမ်သို့သွားရောက်မည်ဖြစ်ပြီး တရုတ်နှင့်တင်းမာမှုများမြင့်တက်နေချိန်တွင် ထိုင်ဝမ်ကျွန်းကိုထောက်ခံကြောင်း ပြသမည်ဖြစ်ကြောင်း တာဝန်ရှိသူများနှင့်သတင်းရင်းမြစ်များက ပြောကြားခဲ့သည်။

ပြင်သစ် လွှတ်တော်ကိုယ်စားလှယ်အဖွဲ့၏လာ‌ရောက်မှုသည် တရုတ်နိုင်ငံကိုအလွန်အမင်းဒေါသထွက်စေခဲ့သော အမေရိကန်အရာရှိများနှင့် လွှတ်တော်အမတ်များ၏ ခရီးစဉ်များအပြီးတွင် အဆင့်မြင့်ဥရောပနိုင်ငံများ၏ ပထမဆုံးလာရောက်လည်ပတ်မှု ဖြစ်လာမည်ဖြစ်သည်။

တိုင်ပေအစိုးရ၏ ပြင်းထန်သောကန့်ကွက်မှုများရှိနေသော်လည်း ထိုင်ဝမ်အား၎င်း၏ ပိုင်နက်အဖြစ်အခိုင်အမာဆိုသည့် တရုတ်နိုင်ငံသည် ပြီးခဲ့သည့်လက အမေရိကန် အောက်လွှတ်တော်ဥက္ကဋ္ဌ နန်စီပေလိုစီ တိုင်ပေသို့ရောက်ရှိလာပြီးနောက် ကျွန်းအနီးတွင် စစ်ကစားမှုများပြုလုပ်ခဲ့သည်။

သူ၏ခရီးစဥ်အပြီးတွင် ကန်လွှတ်တော်အမတ်များနှင့် အရီဇိုးနားပြည်နယ် အုပ်ချုပ်ရေးမှူးအပါအဝင် အခြားသောကန်ကိုယ်စားလှယ်အဖွဲ့များစွာ၏ ခရီးစဥ်များလည်းဆက်တိုက်ဆိုသလိုဖြစ်လာခဲ့သည်။

ပြင်သစ်ကိုယ်စားလှယ်အဖွဲ့သည်စက်တင်ဘာ ၇ ရက် ဗုဒ္ဓဟူးနေ့တွင် ရောက်ရှိမည်ဖြစ်ပြီး တနင်္လာနေ့အထိနေမည်ဖြစ်ကြောင်း ထိုင်ဝမ်နိုင်ငံခြားရေးဝန်ကြီးဌာနကပြောကြားခဲ့သည်။၎င်းတို့သည် သမ္မတဆိုင်အင်ဝမ်ထက် ဒုသမ္မတ ဝီလျံလိုင်နှင့်သာ တွေ့ဆုံမည်ဟုဆိုသည်။

ပါတီစုံကိုယ်စားလှယ်အဖွဲ့အား  အထက်လွှတ်တော်အမတ် Cyril Pellevat က ဦးဆောင်မည်ဖြစ်သည်ဟု ဝန်ကြီးဌာနကပြောကြားခဲ့သည်။

ဖလော်ရီဒါဒီမိုကရက်တစ်ပါတီမှ အမေရိကန် အောက်လွှတ်တော်ကိုယ်စားလှယ် စတက်ဖနီ မာဖီ သည် ထိုင်ဝမ်သို့ ဗုဒ္ဓဟူးနေ့တွင်ရောက်ရှိမည်ဖြစ်ပြီး သောကြာနေ့အထိနေမည့် နှစ်ဘက်ပါတီဝင် အောက်လွှတ်တော် ကိုယ်စားလှယ်အဖွဲ့ကို ဦးဆောင်မည်ဖြစ်ကြောင်း အဆိုပါအစီအစဉ်များနှင့် နီးစပ်သော သတင်းရင်းမြစ်များက ရိုက်တာသတင်းဌာနသို့ပြောကြားခဲ့သည်။

အခြားသော အမေရိကန်ကိုယ်စားလှယ်အဖွဲ့ဝင်များတွင် ဒီမိုကရက်အမတ် Kaiali’i Kahele, ရီပတ်ဘလစ်ကန်အမတ်များ ဖြစ်ကြသော  Scott Franklin, Joe Wilson, Andy Barr, Darrell Issa, Claudia Tenney နှင့် Kat Cammack တို့ပါဝင်ကြောင်း သတင်းရင်းမြစ်များက ရိုက်တာသို့ပြောကြားခဲ့သည်။

တရုတ်နှင့်တင်းမာမှုများ မြင့်တက်လာချိန်တွင် ထိုင်ဝမ်သည် စိတ်တူကိုယ်တူဒီမိုကရေစီနိုင်ငံများနှင့် ဆက်ဆံရေးကိုမြှင့်တင်ရန် စိတ်အားထက်သန်လျက်ရှိသည်။ယခုနှစ်နှောင်းပိုင်းတွင် ဂျာမန်၊ ဗြိတိန်နှင့်ကနေဒါ နိုင်ငံများမှ ဥလွှတ်တော်အမတ်များ၏ လာရောက်လည်ပတ်မှုများကိုလည်း မျှော်လင့်ထားသည်။

ထိုင်ဝမ်အ‌ရေးကို ပြည်တွင်းပြဿနာသက်သက်အဖြစ်သာ တရုတ်နိုင်ငံကရှုမြင်လက်ခံထားပြီး နိုင်ငံခြားအရာရှိများ သို့မဟုတ် လွှတ်တော်အမတ်များ၏ လာရောက်လည်ပတ်မှုကို တင်းတင်းကြပ်ကြပ်တားမြစ်ထားသည်။

ထိုင်ဝမ်၏ ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ထားသော အစိုးရက တရုတ်ပြည်သူ့သမ္မတနိုင်ငံသည် ထိုင်ဝမ်ကျွန်းကို ဘယ်သောအခါကမှ မအုပ်ချုပ်ခဲ့ဖူးသဖြင့် ၎င်းကျွန်းအား တောင်းဆိုပိုင်ခွင့်မရှိသကဲ့သို့ ထိုင်ဝမ်၏အနာဂတ်ကိုလည်း ၎င်း၏ပြည်သူ ၂၃ သန်းကသာ ဆုံးဖြတ်နိုင်သည်ဟု ထိုင်ဝမ်ကပြောကြားခဲ့သည်။

Source -Reuters/ng


LEAVE A REPLY

Please enter your comment!
Please enter your name here