စင်္ကာပူဝန်ကြီးချုပ်က ဗြိတိန်ဝန်ကြီးချုပ်ကို ချီးကျူးဂုဏ်ပြု

0
228

စင်္ကာပူဝန်ကြီးချုပ်က ဗြိတိန်ဝန်ကြီးချုပ်ကို ချီးကျူးဂုဏ်ပြု

စင်္ကာပူ၊စက်တင်ဘာ ၆

စင်္ကာပူဝန်ကြီးချုပ် မစ္စတာလီရှန်လွန်းသည်  စက်တင်ဘာလ ၆ ရက် အင်္ဂါနေ့တွင် ဗြိတိန်ဝန်ကြီးချုပ် လစ်ထရပ်စ်အား ရာထူးတာဝန်ပေးအပ်ခြင်းခံရသည့်အတွက် ချီးကျူးဂုဏ်ပြုခဲ့သည်။

ကွန်ဆာဗေးတစ်ပါတီ၏ ခေါင်းဆောင်မှု ကို မဲအနိုင်ရရှိပြီး နောက်တစ်ရက်အကြာတွင် မစ္စထရပ်စ်အား ဒုတိယမြောက်အဲလိဇဘတ် ဘုရင်မကြီးက အစိုးရသစ်ဖွဲ့ရန်ဖိတ်ကြားခဲ့သည်။မစ္စထရပ်စ်သည် အင်္ဂါနေ့အစောပိုင်းက ဘုရင်မကြီးထံ နုတ်ထွက်စာတင်ခဲ့သော မစ္စတာဘောရစ်ဂျွန်ဆင်၏နေရာကို ဆက်ခံခဲ့သူဖြစ်သည်။

“စင်္ကာပူအစိုးရကိုယ်စား ကျွန်ုပ်လီရှန်လွန်းက မစ္စထရပ်စ်၏ ဗြိတိန်ဝန်ကြီးချုပ်အဖြစ် ရွေးချယ်ခန့်အပ်ခံရခြင်းအတွက် လှိုက်လှဲစွာဂုဏ်ပြုပါသည်” ဟု မစ္စတာလီက ၎င်း၏ဂုဏ်ပြုလွှာတွင် ပြောကြားခဲ့သည်။

“မစ္စ ထရပ်စ်ရဲ့ဝန်ကြီးချုပ်ရာထူးက အရေးပါတဲ့ စိန်ခေါ်မှုတွေဖြစ်နေပြီး မသေချာမရေရာတဲ့ ကမ္ဘာ့ပတ်ဝန်းကျင်အ‌ခြေအနေအခွင့်အလမ်းတွေမှာ  ပေါ်ပေါက်လာတာဖြစ်ပါတယ်” ဟုလည်း၎င်းကဆိုသည်။

မစ္စတာလီသည် စင်္ကာပူ – ယူကေ ဆက်ဆံရေးအပေါ်ပြန်လည်သုံးသပ်ကာ နှစ်နိုင်ငံအကြားမကြာသေးမီက သဘောတူညီချက်တွင် မစ္စထရပ်စ်၏ ပါဝင်ပတ်သက်မှုကိုလည်း အသိအမှတ်ပြုခဲ့သည်။

“ကျွန်ုပ်တို့နှစ်နိုင်ငံရဲ့ အခြေခံဆက်ဆံရေး အချက်တွေကတော့ ခိုင်မာနေဆဲပါပဲ။စင်္ကာပူနဲ့ဗြိတိန်တို့ဟာ သမိုင်းကြောင်းအရ ခိုင်မာတဲ့ဆက်ဆံမှုတွေရှိပြီး ပြည်သူအချင်းချင်းလည်း နွေးထွေးတဲ့ဆက်ဆံရေးတွေနဲ့အတူ နေထိုင်ခဲ့ကြပါတယ်။ကုန်သွယ်မှုနဲ့ ရင်းနှီးမြှုပ်နှံမှု၊လုံခြုံရေးနဲ့ကာကွယ်ရေးအပါအဝင် သုတေသနနဲ့ဆန်းသစ်တီထွင်မှုစတဲ့ ကဏ္ဍများစွာတွင်လည်း ကျွန်ုပ်တို့ အခိုင်အမာ ပူးပေါင်းဆောင်ရွက်လျက်ရှိပါတယ်” ဟုမစ္စတာလီကရေးသားခဲ့သည်။

“စင်္ကာပူနိုင်ငံအနေဖြင့် ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလက မစ္စထရပ်စ်လက်မှတ်ရေးထိုးခဲ့သော ယူကေ – စင်္ကာပူ လွတ်လပ်သောကုန်သွယ်မှု သဘောတူညီချက်မှတစ်ဆင့် အပြန်အလှန်အကျိုးရှိသော စီးပွားရေးမိတ်ဖက်ပြုမှုကို ထပ်လောင်းအတည်ပြုပါသည်” ဟုလည်းရေးသားခဲ့သည်။

မစ္စတာလီသည် ဆိုက်ဘာလုံခြုံရေးနှင့်ဒစ်ဂျစ်တယ်စီးပွားရေးကဲ့သို့သော နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှု နယ်ပယ်သစ်များကိုလည်း မီးမောင်းထိုးပြခဲ့သည်။

“ယူ‌ကေ – စင်္ကာပူ ဒစ်ဂျစ်တယ်စီးပွားရေးသဘောတူညီချက်သည် နှစ်နိုင်ငံစလုံးအတွက် မှတ်တိုင်တစ်ခုဖြစ်သကဲ့သို့ ကျွန်ုပ်တို့စင်္ကာပူနိုင်ငံ၏ စီးပွားရေးလုပ်ငန်းများအတွက် တိုးတက်မှုအလားအလာအသစ်များကိုလည်း ဖွင့်ပေးပါသည်” ဟု မစ္စတာလီကရေးသားခဲ့သည်။

“ကျွန်ုပ်တို့လူမျိုးများနှင့် စီးပွားရေးလုပ်ငန်းများအတွက် အခွင့်အလမ်းများစွာ ဖန်တီးပေးနိုင်သည့် ဂရင်းအီကိုနိုမီ ပူးပေါင်းဆောင်ရွက်မှု မူဘောင်တစ်ရပ်ကိုလည်း  တာဝန်ရှိသူများက စတင်လုပ်ဆောင်ခဲ့ခြင်းအတွက် ကျွန်ုပ်တို့အ‌နေဖြင့် ဝမ်းမြောက်မိပါသည်” ဟု လည်းဆိုထားသည်။

နိဂုံးချုပ်တွင် မစ္စတာလီက စင်္ကာပူနှင့်ဗြိတိန် နှစ်နိုင်ငံစလုံးသည် နိုင်ငံပေါင်းစုံ၏ စည်းမျဥ်းစည်းကမ်းများကို ခိုင်မာစွာထောက်ခံသူများဖြစ်ပြီး နိုင်ငံတကာဥပဒေအားလိုက်နာရန်လိုအပ်ချက်နှင့် နှစ်နိုင်ငံအကြား ခိုင်မာသောဆက်ဆံမှုအရှိန်အဟုန်ကိုလည်း ဆက်လက်ထိန်းသိမ်းထားနိုင်မည်ဟု ယုံကြည်ကြောင်းဖော်ပြခဲ့သည်။

“အနာဂတ်အတွက် ကျွန်တော်တို့ရဲ့မိတ်ဖက်ဆက်ဆံရေးကိုခိုင်မာစေဖို့ မစ္စထရပ်စ်နဲ့အတူ ဆက်လက်လက်တွဲဖို့ မျှော်လင့်နေပါတယ်” ဟုမစ္စတာလီက ရေးသားခဲ့ပြီး “ကျန်းမာချမ်းသာကာ အောင်မြင်မှုအပေါင်းနှင့်ခ ညောင်းပါစေရန် ဆုမွန်ကောင်းတောင်းလိုက်ပါတယ်” ဟုလည်းရေးသားဖော်ပြထားသည်။

Source – CNA /kg(ac)


LEAVE A REPLY

Please enter your comment!
Please enter your name here