ငလျင်ဗဟိုချက်ဖြစ်သည့် စီချွမ်ပြည်နယ်သို့သွားရာ လမ်းကြောင်းများ ပြန်ဖွင့်၊ သေဆုံးသူ ၇၄ ဦးအထိ ရှိပြီဖြစ်

0
173

ငလျင်ဗဟိုချက်ဖြစ်သည့် စီချွမ်ပြည်နယ်သို့သွားရာ လမ်းကြောင်းများ ပြန်ဖွင့်၊ သေဆုံးသူ ၇၄ ဦးအထိရှိပြီဖြစ်

ပေကျင်း၊ စက်တင်ဘာ ၇

တရုတ်အစိုးရသည် စက်တင်ဘာလ ၅ ရက် တနင်္လာနေ့၌ ၆ ဒသမ ၈ ပြင်းအားအဆင့်ရှိ ငလျင်လှုပ်ခတ်ခြင်း ခံခဲ့ရသည့် စီချွမ်ပြည်နယ်သို့ ဦးတည်သွားရာ လမ်းကြောင်းများကို ပြန်လည်ဖွင့်လှစ်လိုက်ကြောင်းနှင့် ငလျင်ကြောင့် သေဆုံးသူဦးရေ ၇၄ အထိ ရိလာပြီဖြစ်ကြောင်း နိုင်ငံပိုင်မီဒီယာက ဗုဒ္ဓဟူးနေ့တွင် ဖော်ပြခဲ့သည်။

ထို့အပြင် အင်္ဂါနေ့ညအထိ စုစု ပေါင်း လူ ၂၅၉ ဦး ဒဏ်ရာရရှိခဲ့ပြီး ၂၆ ဦး ပျောက်ဆုံးနေဆဲဖြစ်ကြောင်း ပီးပဲလ် ဒေးလီး သတင်းစာက ဖော်ပြခဲ့သည်။

အဆိုပါ ငလျင်သည် ၂၀၁၇ ခုနှစ်နောက်ပိုင်း စီချွမ်ပြည်နယ်အား လှုပ်ခတ်ခဲ့သည့် ငလျင်ထဲတွင် အပြင်းထန်ဆုံးဖြစ်ပြီး ပြည်နယ်အတွင်း အဆောက်အအုံများစွာ ပျက်စီးစေခဲ့ကာ လျှပ်စစ်ဓာတ်အားနှင့် ရေ အခြေခံအဆောက်အအုံများအပြင် ဆက်သွယ်ရေးလုပ်ငန်းများကိုပါ ဆိုးရွားစွာ ထိခိုက်စေခဲ့ကြောင်း သိရသည်။

ကယ်ဆယ်ရေးသမားများသည် ငလျင်ကြောင့် သောင်တင်နေသူများထံ အလျင်အမြန် သွားရောက်၍ ကယ်ဆယ်ရေးပစ္စည်းများပေးခဲ့ပြီး အရေးပေါ်ကယ်ဆယ်ခဲ့သည်။

ငလျင်ဗဟိုချက်ဖြစ်သည့် လူဒင် စီရင်စုရှိ လူ တစ်သောင်း တစ်ထောင်ကိုမူ အင်္ဂါနေ့ကတည်းက ဘေးလွတ်ရာ ရွှေ့ပြောင်းပေးနိုင်ခဲ့ကြောင်း သိရသည်။

ဗုဒ္ဓဟူးနေ့ နံနက်ပိုင်းတွင် တရုတ်မြေငလျင်ကွန်ရက်စင်တာက စီချွမ်ပြည်နယ်၏ ငလျင်ဗဟိုချက်၌ ပြင်းအားအဆင့် ၃ ရှိသော နောက်ဆက်တွဲ ငလျင်တစ်ခု ထပ်မံ လှုပ်ခတ်ခဲ့ကြောင်း မှတ်တမ်းတင်ခဲ့သည်။

မိုးလေဝသ ပညာရှင်များက အဆိုပါ ပြည်နယ်၌ သောကြာနေ့အထိ မိုးသည်းထန်စွာ ရွာသွန်းနိုင်ကြောင်း သတိပေးထားသည်။

Source: CNA


LEAVE A REPLY

Please enter your comment!
Please enter your name here