ဗီယက်နမ် ကာရာအိုကေ ဘားမီးလောင်၊ လူပေါင်း ၃၂ ဦးသေဆုံး

0
167

ဗီယက်နမ် ကာရာအိုကေ ဘားမီးလောင်၊ လူပေါင်း ၃၂ ဦးသေဆုံး

ဟနွိုင်း၊ စက်တင်ဘာ ၈

ဗီယက်နမ်နိုင်ငံ တောင်ပိုင်းတွင် ကာရာအိုကေဘားတစ်ခု မီးလောင်ကျွမ်းမှုကြောင့် သေဆုံးသူဦးရေ ၃၂ ဦးအထိ ရှိလာကြောင်း နိုင်ငံပိုင်မီဒီယာက စက်တင်ဘာ ၇ ရက် ဗုဒ္ဓဟူးနေ့တွင် ပြောကြားခဲ့သည်။

အဆို မီးလောင်မှုသည် ဟိုချီမင်းမြို့၏ မြောက်ဘက် Thuan An မြို့ရှိ လူစည်ကားသော လူနေရပ်ကွက်၌ တည်ရှိသော ဘားတစ်ခု၏ ဒုတိယထပ်တွင် အင်္ဂါနေ့ညက စတင်ခဲ့သည်ဟု သိရသည်။ 

မီးလောင်မှုကြောင့် လှေကားထစ်၌ မီခိုးငွေ့များ ထူထပ်စွာ ဖုံးလွှမ်းလာကာ အရေးပေါ်ထွက်ပေါက်များအား ပိတ်ဆို့ထားသကဲ့သို့ ဖြစ်သွားသောကြောင့် လာရောက်ပျော်ပါးသူများနှင့် ဝန်ထမ်းများပါ အဆောက်အအုံအတွင်း ပိတ်မိနေခဲ့သည်ဟု သတင်းများတွင် ဖော်ပြထာားသည်။ 

ကာရာအိုကေဘားအနီး၌ နေထိုင်သော မျက်မြင်သက်သေတစ်ဦးက မီးလောင်ကျွမ်းရာနေရာသို့ မီးသတ်ကားများ ရောက်ရှိလာချိန်တွင် အဆောက်အအုံအထဲ၌ လူ ၄၀ နီးပါး ပိတ်မိနေသည်ဟု ဗွီအင်န်အိတ်စ်ပရက်စ် သတင်းဝက်ဘ်ဆိုက်သို့ ပြောကြားခဲ့သည်။

“လူတော်တော်များများက ပင်မဝင်ပေါက်ကနေ အပြင်ကိုထွက်ပြေးကြပေမယ့် တခြားသူတွေကတော့ အပူဒဏ်ကို မခံနိုင်လို့ ခုန်ချလိုက်တာ လက်နဲ့ခြေထောက်တွေ ကျိုးကုန်ကြတယ်” ဟု ၎င်းက ဆိုသည်။

အဆိုပါ ဘားမီးလောင်မှုကြောင့်အမျိုးသား ၁၇ ဦးနှင့် အမျိုးသမီး ၁၅ ဦး သေဆုံးခဲ့သဖြင့် စုစုပေါင်း သေဆုံးသူဦးရေ ၃၂ ဦးအထိ ရှိလာကြောင်း ပြည်သူ့လုံခြုံရေး ဝန်ကြီးဌာနနှင့် အဆက်အစပ်ရှိသော Cong An Nhan Dan သတင်းစာက ဖော်ပြခဲ့သည်။

အိမ်သာထဲ၌ လူရှစ်ဦး သေဆုံးနေသည်ကို ရှာဖွေတွေ့ရှိခဲ့ကြောင်း နိုင်ငံပိုင်မီဒီယာက ဖော်ပြထားသည်။

မီးလောင်ရခြင်း၏ ကနဦးအကြောင်းအရင်းမှာ လျှပ်စစ်ဝါယာရှော့ဖြစ်ခြင်းကြောင့် ဖြစ်သည်ဟု Binh Duong အာဏာပိုင်များ၏ ပြောကြားချက်ကို ကိုးကား၍ နိုင်ငံပိုင်မီဒီယာက ဖော်ပြခဲ့သည်။

ဗီယက်နမ်တွင် ကာရာအိုကေဘားများ၌ မီးလောင်ကျွမ်းမှု ဖြစ်ပွားလေ့ရှိပြီး ပြီးခဲ့သည့်လက ဟနွိုင်းမြို့ရှိ ကာရာအိုကေဘားတစ်ခုတွင် မီးငြှိမ်းသတ်ရန် ကြိုးပမ်းခဲ့သည့် မီးသတ်သမား သုံးဦး သေဆုံးခဲ့သည်ဟု သိရသည်။

Source: CNA


LEAVE A REPLY

Please enter your comment!
Please enter your name here