မိသားစုများပြန်လည်ဆုံစည်းရေးဆွေးနွေးမှုအသစ်အား မြောက်ကိုရီးယားထံတောင်ကိုရီးယားအဆိုပြု

0
133

မိသားစုများပြန်လည်ဆုံစည်းရေးဆွေးနွေးမှုအသစ်အား မြောက်ကိုရီးယားထံတောင်ကိုရီးယားအဆိုပြု

ဆိုလ်း၊စက်တင်ဘာ ၈

မေလအတွင်း သမ္မတရာထူးရယူခဲ့သည့် တောင်ကိုရီးယားသမ္မတ မစ္စတာယွန်းဆော့ယော်သည် ၎င်း၏ပြုံယမ်းသို့ တိုက်ရိုက်ချဉ်းကပ်မှုတစ်ရပ်အနေဖြင့် ၁၉၅၀ နှင့် ၁၉၅၃ ကာလကိုရီးယားစစ်ပွဲအတွင်း ကွဲကွာသွားသော ထောင်နှင့်ချီသည့်မိသားစုများအား ကူညီရန်မြောက်ကိုရီးယားနှင့် ဆွေးနွေးဖို့အဆိုပြုထားကြောင်းသိရှိရသည်။

ပေါင်းစည်းရေးဝန်ကြီး ကွမ်ယောင်စီသည် “နာကျင်စရာအဖြစ်မှန်” ၏တစ်စိတ်တစ်ပိုင်းအဖြစ် မိသားစုများခွဲခွာရခြင်းကိုဖော်ပြသည့် ကျူးရှော့ပွဲတော်အကြိုရက်တွင် တွေ့ဆုံဆွေးနွေးရန်ဖိတ်ကြားချက်ကို ထပ်လောင်းပြောကြားခဲ့သည်။အဆိုပါကျူးရှော့ပွဲတော်သည် တောင်ကိုရီးယားနှင့်မြောက်ကိုရီးယားနှစ်နိုင်ငံလုံးတွင် ကျင်းပလေ့ရှိသည့်ပွဲတော်ဖြစ်ပြီး ကိုရီးယားနိုင်ငံ၏အထင်ကရအားလပ်ရက်များထဲမှတစ်ခုဖြစ်သည်။ထိုပွဲတော်တွင် အနယ်နယ်အရပ်ရပ်သို့ရောက်ရှိနေသည့် မိသားစုများနေရပ်သို့ပြန်လာကြပြီး သက်ကြီးပုဂ္ဂိုလ်များကိုဂါရဝပြု မိသားစုလက်ဆုံစားပွဲကျင်းပသည့် ပွဲတော်မျိုးဖြစ်သည်။

ဆိုးလ်အနေဖြင့် ဆွေးနွေးပွဲကျင်းပမည့် ရက်၊နေရာ၊အစီအစဉ် နှင့် ပုံစံတို့ကိုဆုံးဖြတ်ရာတွင် ပြုံယမ်း၏ ဦးစားပေးထည့်သွင်းလိုမှုများကိုလည်း စဉ်းစားပေးရန်ဆန္ဒရှိကြောင်း ၎င်းကပြောကြားခဲ့သည်။

“ကွဲကွာနေသော မိသားစုများအရေးအပါအဝင် လူသားချင်းစာနာမှုဆိုင်ရာ ကိစ္စရပ်များကိုပါပြတ်သားစွာဆွေးနွေးနိုင်ရန် နှစ်ဖက်တာဝန်ရှိသူများအနေဖြင့် အမြန်ဆုံးလူချင်းတွေ့ဆုံဆွေးနွေးမည်” ဟု မျှော်လင့်ကြောင်းလည်း မစ္စတာ ကွမ်ကပြောကြားခဲ့သည်။

၁၉၅၃ ခုနှစ်တွင် အပစ်အခတ်ရပ်စဲရေးကြောင့် ကိုရီးယားစစ်ပွဲပြီးဆုံးသွားခဲ့သည်။  မြောက်ကိုရီးယားနှင့်တောင်ကိုရီးယားသည် လက်တွေ့၌စစ်ဖြစ်မနေတော့သော်လည်း စစ်၏သဘောအရပြောရလျှင် စစ်ဖြစ်နေသကဲ့သို့ပင်ဖြစ်နေဆဲဖြစ်သည်။ ကိုရီးယားကျွန်းဆွယ်ကို စစ်ကင်းမဲ့ဇုန် (DMZ) ဖြင့်ပိုင်းခြားကာ နယ်နိမိတ်မျဉ်းဖြင့်အခိုင်အမာပိုင်းခြားထားခဲ့သဖြင့် မိသားစုဝင်များလည်း ကွဲကွာခဲ့ကြရသည်။

ထိုအချိန်မှစကာ မိခင်၊ဖခင်၊အစ်ကို၊နှမ စသဖြင့် ရိုးရှင်းသည့် သာမန်မိသားစုလည်ပတ်မှုများအပါအဝင် နှစ်နိုင်ငံ အရပ်ဘက်လည်ပတ်မှု၊ဖလှယ်မှုများအားလုံးကိုတားမြစ်ခဲ့ကြသည်။ဆယ်စုနှစ်များစွာကြာပြီးသည်အထိ လူအများစုသည် ၎င်းတို့၏ချစ်ရသူများအသက်ရှင်လျက်ရှိမရှိကိုပင် သတင်းစကားမကြားရတော့သည်အထိဖြစ်ခဲ့ကြသည်။

ကိုရီးယားနှစ်နိုင်ငံလုံး၏အစိုးရများသည် ပြန်လည်ဆုံစည်းခွင့်ကို ရံဖန်ရံခါဖန်တီးပေးခဲ့ကြပြီး ၂၀၁၈ ခုနှစ်တွင်နောက်ဆုံးအကြိမ်တွေ့ဆုံခွင့်ပြုခဲ့သော်လည်း ကွဲကွာသွားသောမိသားစုအများစုမှာမူ မိမိတို့ချစ်မြတ်နိုးသူများအသက်ရှင်နေသေးရဲ့လားဆိုသည်ကိုပင် မသိနိုင်ခဲ့ကြပေ။

နျူကင်းစင်ရေးကိုလိုက်နာပါက စီးပွားရေးအကူအညီများပြန်လည်ပေးအပ်မည်ဟု ကမ်းလှမ်းထားသောတောင်ကိုရီးယား၏ ကမ်းလှမ်းချက်ကိုပယ်ချထားသည့် မြောက်ကိုရီးယားအနေဖြင့် ယခုနောက်ဆုံးကမ်းလှမ်းချက်ကိုလည်း လက်ခံမည်လားလက်မခံဘူးလားဟူသည့်အချက်နှင့်ပတ်သက်၍ ရှင်းရှင်းလင်းလင်းမသိရသေးပေ။သို့သော် တောင်ကိုရီးယားနိုင်ငံ ခရွန်နမ်းတက္ကသိုလ်၏ အရှေ့ဖျားလေ့လာရေးသိပ္ပံဌာနမှ ပါမောက္ခ Lim Eul – chul ကမူ ယခုအဆိုပြုချက်အား မြောက်ကိုရီးယားဘက်မှလက်ခံနိုင်ချေအင်မတန်နည်းပါးသည်ဟု ပြောကြားခဲ့သည်။

“မိသားစုပြန်လည်ပေါင်းစည်းခြင်းဟာ အခြေခံလူသားချင်းစာနာထောက်ထားမှုကိစ္စဖြစ်ပေမယ့် လက်တွေ့မှာတော့နှစ်ဖက်စလုံးအကြား ကြီးမားတဲ့ယုံကြည်မှုအဆင့်တစ်ခုတော့ လိုအပ်ပါတယ်” ဟု လည်း၎င်းက ရိုက်တာသတင်းဌာနသို့ပြောကြားခဲ့သည်။

မြောက်ကိုရီးယားသည် ယခုနှစ်အတွင်း မကြုံစဖူးဒုံးကျည်စမ်းသပ်မှုများပြုလုပ်ကာ ၎င်း၏နိုင်ငံအတွင်းကိုဗစ်ဖြစ်ပွားမှုနှင့်ပတ်သက်၍ ဆိုးလ်ကိုဝေဖန်ပြစ်တင်ခဲ့သဖြင့် တောင်ကိုရီးယားနှင့်မြောက်ကိုရီးယားအကြားတင်းမာမှုများမြင့်တက်နေချိန်တွင် ယခုလိုကမ်းလှမ်းချက်ပေါ်ထွက်လာခြင်းဖြစ်သည်။ဆယ်စုနှစ်များစွာကြာလာသည်နှင့်အမျှ မိသားစုများပြန်လည်ဆုံဆည်းမှုပြဿနာသည် ပို၍ပို၍ရှုပ်ထွေးလာခဲ့သည်။

ကိုရီးယားစစ်ပွဲအပြီး ကွဲကွာသွားသောသူအများစုသည် ယခုအခါအသက်ရှစ်ဆယ်နှင့်အထက်ရှိနေကြပြီး ၎င်းတို့မကွယ်လွန်မီ ကာလရှည်ကြာကွဲကွာခဲ့ရသော ဆွေမျိုးမိသားစုဝင်များနှင့်ပြန်လည်ဆုံစည်းနိုင်ရန် စိတ်အားထက်သန်လျက်ရှိကြသည်။လစဉ်လည်း လူပေါင်း ၄၀၀ ခန့်ကသေဆုံးနေသဖြင့် ကွဲကွာနေသူမိသားစုများပြန်လည်ဆုံစည်းနိုင်ချေက နည်းပါးသည်ဟု မစ္စတာကွမ်ကဆိုခဲ့သည်။

Source –Aljazeera


LEAVE A REPLY

Please enter your comment!
Please enter your name here