ဟောင်ကောင်၌ လေယာဉ်အမှုထမ်းများ ကွာရန်တင်းဝင်ရန်မလိုတော့

0
139

ဟောင်ကောင်၌ လေယာဉ်အမှုထမ်းများ ကွာရန်တင်းဝင်ရန်မလိုတော့

ဟောင်ကောင်၊စက်တင်ဘာ ၉

ဟောင်ကောင်တွင်ပြည်တွင်းအခြေစိုက်လေကြောင်းလိုင်းဝန်ထမ်းများအတွက် ကွာရန်တင်းစနစ်ကို စက်တင်ဘာ ၁၀ ရက်မှစကာ ဖျက်သိမ်းပေးတော့မည်ဖြစ်ကြောင်း အစိုးရကသောကြာနေ့ကပြောကြားခဲ့သည်။ယခုဆုံးဖြတ်ချက်သည် ဟောင်ကောင်ကို အထီးကျန်သွားစေခဲ့သည့် ပြင်းထန်ကိုဗစ်စည်းမျဉ်းများကို ဖြေလျှော့ခြင်း၏အဓိကခြေလှမ်းတစ်ခုဖြစ်သည် ဟုဆိုသည်။

ယခုစည်းမျဉ်းအသစ်တွင် ပြည်တွင်းလေကြောင်းလိုင်းဝန်ထမ်းများအနေဖြင့် တာဝန်ထမ်းဆောင်ပြီးချိန်တွင် လေဆိပ်၌ကိုဗစ်စစ်ဆေးမှုပြုလုပ်ပြီး ရောဂါမရှိပါက ကွာရန်တင်းဝင်ရန်မလိုပဲ အိမ်သို့တန်းပြန်နိုင်ကြောင်းဖော်ပြထားသည်။ယခုအစီအစဉ်အသစ်မစမီက လေယာဉ်အမှုထမ်းများသည် တာဝန်ချိန်ပြီးပါက ဟိုတယ်တွင်ကွာရန်တင်းသုံးရက်ဝင်ရကြောင်းသိရှိရသည်။

အဆိုပါစီမံချက်ကြောင့် Virgin နှင့် Biritish Airways အပါအဝင်လေကြောင်းလိုင်းများစွာသည် ဟောင်ကောင်၏ တင်းကျပ်သောစည်းမျဉ်းများကြောင့်လုပ်ငန်း လည်ပတ်မှုများကိုရပ်ဆိုင်းခဲ့ရသည်။အခြားလေကြောင်းလိုင်းများ၏ လုပ်ငန်းလည်ပတ်မှုကိုလည်း ပြင်းထန်စွာကန့်သတ်ထားသောကြောင့် လူများမြို့အတွင်းခရီးသွားလာမှုအတွက်ပင် အလွန်ခက်ခဲခဲ့သည်ဟုဖော်ပြထားသည်။

ဟောင်ကောင်သည် တရုတ်ပြည်မကြီး၏ ကိုဗစ်လုံးဝကင်းစင်ရေးမူဝါဒအရ ပြင်းထန်သောကန့်သတ်ချက်များနှင့် ကျန်ကမ္ဘာ့နိုင်ငံများနည်းတူ ၎င်း၏နယ်နိမိတ်ကို ၂ နှစ်ခွဲကျော်ကြာ တင်းတင်းကျပ်ကျပ်ထိန်းချုပ်ထားခဲ့သည်။

လူဦးရေ ၇ ဒသမ ၃ သန်းရှိသောမြို့တော်ဟောင်ကောင်သည် နိုင်ငံတကာစီးပွားရေးနှင့် ခရီးသွားလာမှုအပေါ်ကြီးမားစွာမှီခိုနေရပြီး ကိုဗစ်ကန့်သတ်ချက်များကြောင့် ၎င်း၏စီးပွားရေးကို ထိခိုက်စေခဲ့ပြီး ထောင်နှင့်ချီသောနေထိုင်သူများကို စွန့်ခွာသွားစေခဲ့သည်။

ယခုပြင်ဆင်ထုတ်ပြန်ချက်အသစ်သည် ဟောင်ကောင်နှင့်ကမ္ဘာ့အခြားဒေသများအကြား ပျံသန်းရေးဝန်ဆောင်မှုလုပ်ငန်းများကို တိုးမြှင့်ရန်လေကြောင်းလိုင်းများအား ထိရောက်စွာအဆင်ပြေချောမွေ့စေမည်ဖြစ်ကာ ဟောင်ကောင်အားနိုင်ငံတကာလေကြောင်း၏ အချက်အချာကျသော နေရာအဖြစ်ရပ်တည်နိုင်ရန်ပြန်လည်လုပ်ဆောင်ပေးနိုင်မည်ဖြစ်ကြောင်း အစိုးရကပြောကြားခဲ့သည်။

ဟောင်ကောင်မှထွက်ခွာမည့်ခရီးသွားများအနေဖြင့် အပူချိန်စစ်ဆေးခြင်းများပြုလုပ်ရန် မလိုအပ်တော့ကြောင်းအစိုးရ၏ သောကြာနေ့ကထုတ်ပြန်သည့် သီးခြားထုတ်ပြန်ချက်တစ်ခုတွင်ပြောကြားခဲ့သည်။

စီးပွားရေးအဖွဲ့များ၊ သံတမန်များနှင့် မြို့ခံအများအပြားသည် ဟောင်ကောင်၏ယှဉ်ပြိုင်နိုင်စွမ်းနှင့် ကမ္ဘာ့ဘဏ္ဍာရေးအချက်အချာတစ်ခုအဖြစ် ရပ်တည်နေခြင်းကို မြို့တော်၏ကိုဗစ်စည်းမျဉ်းတင်းကြပ်မှုများက ခြိမ်းခြောက်နိုင်သည်ဟုဆိုကာ လွန်ကဲသောစည်းမျဉ်းများအား ပြစ်တင်ရှုံ့ချခဲ့ကြသည်။

ဟောင်ကောင်ရှိနေရာအများစုတွင် နှာခေါင်းစည်းများကိုမဖြစ်မနေတပ်ဆင်ရန်ညွှန်ကြားထားပြီး လူလေးဦးထက်ပိုစုဝေးခြင်းများကိုလည်းတားမြစ်ထားသေးသည်။ဟောင်ကောင်တွင် ကိုဗစ်ကူးစက်မှုပေါင်း ၁ ဒသမ ၅ သန်းကျော်နှင့် ကပ်ရောဂါစတင်ဖြစ်ပွားကတည်းက သေဆုံးသူစုစုပေါင်း ၉,၇၆၉ ဦးရှိကြောင်းသိရှိရသည်။

Source –Reuters/yb


LEAVE A REPLY

Please enter your comment!
Please enter your name here