နူးဇီလန်တွင် ဝေလငါးနှင့်လှေတိုက်မိ၊ငါးဦးသေဆုံး

0
164

နူးဇီလန်တွင် ဝေလငါးနှင့်လှေတိုက်မိ၊ငါးဦးသေဆုံး

ဝဲလ်လင်တန်၊စက်တင်ဘာ ၁၀

နူးဇီလန်နိုင်ငံတောင်ကျွန်းရေပြင်တွင် စက်တင်ဘာ ၁၀ ရက် စနေနေ့က ဝေလငါးတစ်ကောင်နှင့်တိုက်မိပြီးနောက် စက်လှေတိမ်းမှောက်မှုဖြစ်ပွားခဲ့ပြီး လူငါးဦးသေဆုံးခဲ့သည်ဟု သိရှိရသည်။

ငှက်ကြည့်သူအများစုပါဝင်သည့်အဆိုပါလှေတွင် စုစုပေါင်း ၁၁ ဦးပါဝင်ပြီး Kaikoura ၏တောင်ဘက် ၁၅ ကီလိုမီတာအကွာရှိ Goose ပင်လယ်အော်တွင် နံနက် ၁၀ နာရီခန့်က လှိုင်းလေငြိမ်သက်နေရာမှတိမ်းမှောက်သွားခဲ့သည်ဟု ဒေသဆိုင်ရာတာဝန်ရှိသူများကပြောကြားခဲ့သည်။


ရဲတပ်ဖွဲ့မှခုနစ်နာရီနီးပါးကြာသည်အထိ ကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်ခဲ့ပြီး သင်္ဘောအတွင်းမှရုပ်အလောင်းငါးလောင်းကို ဆယ်ယူနိုင်ခဲ့ပြီးနောက် ကယ်ဆယ်ရေးလုပ်ငန်းကိုရပ်နားခဲ့သည်။မပြင်းထန်သောဒဏ်ရာများရရှိခဲ့သည့် ခရီးသည်ခြောက်ဦးကိုလည်းကယ်ဆယ်နိုင်ခဲ့သည်ဟုဖော်ပြထားသည်။သင်္ဘောမောင်းနှင်သူလည်းအသက်ရှင်ကျန်ရစ်ခဲ့သည်ဟုသိရှိရသည်။

ဆိုရှယ်မီဒီယာပေါ်၌ပျံ့နေသောဓာတ်ပုံများတွင် အသက်ရှင်ကျန်ရစ်သူများက ၈ ဒသမ ၅ မီတာရှည်သော မှောက်နေသည့်လှေ၏ကိုယ်ထည်ပေါ်မှ လက်ဝှေ့ယမ်းပြအကူအညီတောင်းနေပုံများပါရှိသည်။အဆိုပါလှေသည် ဒေသတွင်းမှစင်းလုံးငှားလှေဖြစ်ကြောင်း ရဲတပ်ဖွဲ့ကအတည်ပြုခဲ့သည်။


Kaikoura မြို့တော်ဝန် Craig Mackle က AFP သို့ပြောကြားရာတွင် လှေသည်ဝေလငါးနှင့်တိုက်မိသည်ဟူသော ညွှန်ပြချက်များရှိသော်လည်း ဟုတ်မဟုတ်ကိုမူ ရဲတပ်ဖွဲ့ကအတည်ပြုနိုင်ခြင်းမရှိသေးသဖြင့် စုံစမ်းစစ်ဆေးမှုများဆက်လက်ပြုလုပ်နေကြောင်းဖော်ပြထားသည်။

“အခုလောလောဆယ်ကျွန်တော်တို့မှာရှိထားတဲ့အချက်အလက်တွေအရ လှေကတစ်ခုခုနဲ့တိုက်မိတာပါ၊ဒါပေမဲ့ ဘာနဲ့တိုက်တယ်၊ဘယ်လိုဖြစ်တယ်ဆိုတာတော့ကျွန်တော်တို့ခုထိမသိရသေးပါဘူး” ဟု ၎င်းကဆိုသည်။

Kaikoura သည် တောရိုင်းတိရစ္ဆာန်များပေါများပြီး ဝေလငါးကြည့်ရှုနိုင်မှုကြောင့် ကမ္ဘာလှည့်ခရီးသည်များကိုဆွဲဆောင်နိုင်သည့် နေရာတစ်ခုဖြစ်သည်။

Source –AFP/NG


LEAVE A REPLY

Please enter your comment!
Please enter your name here