တရုတ်သမ္မတရှီ ရုရှားသမ္မတနှင့်သွားရောက်တွေ့ဆုံမည်

0
174

တရုတ်သမ္မတရှီ ရုရှားသမ္မတနှင့်သွားရောက်တွေ့ဆုံမည်

ပေကျင်း၊စက်တင်ဘာ ၁၁

တရုတ်နိုင်ငံခေါင်းဆောင် မော်စီတုန်းနောက်ပိုင်း ဩဇာအကြီးဆုံးခေါင်းဆောင်အဖြစ်အသိအမှတ်ပြုခါနီး တလ အလို ဖြစ်သည့်ယခုအချိန်တွင်(​အောက်တိုဘာတွင် ပါတီီညီလာခံရှိ)တရုတ်သမ္မတရှီသည် ကိုဗစ်ကာလနှစ်နှစ်ကျော်အတွင်း ပထမဆုံးအနေဖြင့် အာရှအလယ်ပိုင်းသို့ခရီးထွက်မည်ဖြစ်သည်။ ရုရှားသမ္မတပူတင်နှင့် သွားရောက်တွေ့ဆုံရန်ယခုသီတင်းပတ်အတွင်း ထွက်ခွာမည်ဖြစ်ကြောင်းသိရှိရသည်။

ထိုခရီးစဉ်သည် တရုတ်နိုင်ငံတွင်း၌ ၎င်း၏အာဏာကို ချုပ်ကိုင်ထားနိုင်မှုနှင့်ပတ်သက်၍ ရှီကသူ့ကိုယ်သူမည်မျှယုံကြည်​မူရှိကြောင်းပြသလိုက်ခြင်းဖြစ်သည်။

ရုရှားကအနောက်အုပ်စုနှင့်ထိပ်တိုက်တွေ့​နေခြင်း၊ထိုင်ဝမ်အရေးအကျပ်အတည်းရှိခြင်းနှင့်ကမ္ဘာ့စီးပွားရေးအထစ်အငေါ့ဖြစ်​နေခြင်းများက ကမ္ဘာ့အခြေအနေအန္တရာယ်များ​နေကြောင်းညွှန်ပြ​နေ​သည်။

သမ္မတရှီသည် ကာဇက်စတန်နိုင်ငံသို့ စက်တင်ဘာ ၁၄ ရက် ဗုဒ္ဓဟူးနေ့တွင်သွားရောက်မည်ဖြစ်ပြီး ၎င်းနောက် ဥဇဘက်ကစ္စတန်ရှိ ရှေးဟောင်းပိုးလမ်းမမြို့ Samarkand ၌ သမ္မတပူတင်နှင့် တွေ့ဆုံမည်ဖြစ်ကြောင်း ကာဇက်စတန်နှင့် ခရင်မလင်နန်းတော်တို့ကထုတ်ပြန်ထားသည်။

ယခုဆွေးနွေးပွဲသည် သမ္မတရှီကျင့်ဖျင်၏ ဩဇာအာဏာဘယ်​လောက်ရှိသည်ကိုပြနိုင်သည့် အခွင့်အရေးဖြစ်သကဲ့သို့ ပူတင်သည်လည်းရုရှား၏ အာရှအပေါ်အလေးပေးမှုကိုဖော်ပြနိုင်မည်ဖြစ်သည်။

ယူကရိန်းအရေးကြောင့် အနောက်နိုင်ငံများက ရုရှားအားဖိအား​ပေးရန်ကြိုးပမ်းနေချိန်တွင် နှစ်နိုင်ငံခေါင်းဆောင်များအနေဖြင့် အမေရိကန်ကိုဆန့်ကျင်ကြောင်းပြသရာလည်းရောက်စေနိုင်သည်။

“ကျွန်တော့်အမြင်အရတော့ ရှီကသူ့အနေနဲ့ပြည်တွင်းမှာဘယ်လောက်ထိ ယုံကြည်မှုရှိတယ်ဆိုတာကို ပြချင်တာရယ်၊အနောက်နိုင်ငံတွေရဲ့ဗိုလ်ကျစိုးမိုးမှုကို ဆန့်ကျင်တဲ့နိုင်ငံတွေအားလုံးရဲ့ နိုင်ငံတကာခေါင်းဆောင်တစ်ဉီးအဖြစ် ရှုမြင်ခံချင်တာမျိုးဖြစ်ပါလိမ့်မယ်” ဟု ရှီ့အကြောင်းရေးထားသော  Red Flag စာအုပ်၏စာ​ရေးဆရာ George Magnus ကပြောကြားခဲ့သည်။

တရုတ်၏တရိပ်ရိပ်ထိုးတက်လာနေသော အင်အားနှင့် သဘာဝအရင်းအမြစ်အင်အားတောင့်တင်းသည့် ရုရှားတို့ကြား နက်ရှိုင်းသောပူးပေါင်းဆောင်ရွက်မှုများသည် မကြာသေးမီနှစ်များအတွင်း စိတ်ဝင်စားဖွယ်အကောင်းဆုံး ပထဝီဝင်နိုင်ငံရေးများထဲမှတစ်ခုဖြစ်သကဲ့သို့ အနောက်နိုင်ငံများအတွက်လည်း ရင်တဖိုဖိုနှင့်စောင့်ကြည့်စရာဖြစ်လာ​နေသည်။

တစ်ချိန်က ကမ္ဘာလုံးဆိုင်ရာကွန်မြူနစ်အဆင့်တွင်အင်အားကြီးခဲ့သော ရုရှားသည် ၁၉၉၁ ခုနှစ်တွင် ဆိုဗီယက်ပြည်ထောင်စုပြိုကွဲပြီးနောက် တစ်ကျော့ပြန်အားကောင်းလာအောင်ကြိုးပမ်းနေချိန်တွင် လာမည့်ဆယ်စုနှစ်အတွင်း ကမ္ဘာ့အကြီးဆုံးစီးပွားရေးနိုင်ငံဖြစ်ရန်ကြိုးစား​နေသည့် အင်အားကြီးကွန်မြူနစ် တရုတ်၏ မိတ်ဖတ်အဖြစ်သတ်မှတ်ခံထားရသည်။

တရုတ်နှင့်ရုရှားသည် သမိုင်းအရဆန့်ကျင်ဘက်အရာများ များပြားသော်လည်း စစ်အေးတိုက်ပွဲပြီးကတည်းက အနောက်အုပ်စုနှင့် ရုရှားထိပ်တိုက်တွေ့မှုများတွင် ပူတင်အ​ပေါ်ရှီ၏ထောက်ခံ​မူက​လျော့မသွား​ပေ။

ထို့အပြင်အသက် ၆၉ နှစ်အရွယ်ရှိ ခေါင်းဆောင်နှစ်ဦး၏ဆက်ဆံရေးသည် ပိုမိုနက်ရှိုင်းလာခဲ့ကာ ၂၀၂၂ ခုနှစ် ပထမ (၇)လပတ်အတွင်း ရုရှားနှင့်တရုတ်ကြားကုန်သွယ်မှုသည် သုံးပုံတစ်ပုံနီးပါးမြင့်တက်လာခဲ့သည်။

Source – Reuters/ac


LEAVE A REPLY

Please enter your comment!
Please enter your name here