စီးပွားရေးအကျပ်အတည်းကြားမှပင် လူ့အခွင့်အရေးမြှင့်တင်ဖို့ သီရိလင်္ကာကိုကုလဖိအားပေး

0
122

စီးပွားရေးအကျပ်အတည်းကြားမှပင် လူ့အခွင့်အရေးမြှင့်တင်ဖို့ သီရိလင်္ကာကိုကုလဖိအားပေး

ကိုလံဘို၊စက်တင်ဘာ ၁၂

သီရိလင်္ကာနိုင်ငံသည် ဆယ်စုနှစ်ခုနစ်ခုအတွင်း အဆိုးရွားဆုံးသောဘဏ္ဍာရေးအကျပ်အတည်းမှပေါ်ပေါက်လာသော လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ စိန်ခေါ်မှုများကို ကိုင်တွယ်ဖြေရှင်းရန် အဖွဲ့အစည်းများကို အားကောင်းအောင်ပြုလုပ်သင့်သည်ဟု ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာ ထိပ်တန်းအရာရှိတစ်ဦးက စက်တင်ဘာ ၁၂ ရက် တနင်္လာနေ့ကပြောကြားခဲ့သည်။

ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများနှင့် နိုင်ငံတကာဘဏ္ဍာရေးအဖွဲ့အစည်းများသည် စားနပ်ရိက္ခာ၊ လောင်စာဆီ၊ လျှပ်စစ်ဓါတ်အားနှင့် ဆေးဝါးပြတ်လပ်မှုများ ရင်ဆိုင်နေရသည့် သန်းပေါင်းများစွာသော သီရိလင်္ကာပြည်သူများကို ကူညီပံ့ပိုးပေးသင့်သည်ဟု ကုလသမဂ္ဂ ယာယီလူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး နာဒါအယ်လ်နာရှီဖ်က ပြောကြားခဲ့သည်။

“အစိုးရသစ်အနေနဲ့လည်း လူ့အခွင့်အရေးနဲ့ ပြန်လည်သင့်မြတ်ရေးမြှင့်တင်ရန် နိုင်ငံအဆင့် ဆွေးနွေးပွဲတွေစတင်နိုင်ဖို့၊ပိုမိုလေးနက်တဲ့ အဖွဲ့အစည်းဆိုင်ရာ၊ဒီမိုကရေစီနဲ့ လုံခြုံရေးကဏ္ဍပြုပြင်ပြောင်းလဲမှုတွေကို ဆောင်ရွက်ဖို့၊လူ့အခွင့်အရေးချိုးဖောက်မှု‌တွေထပ်တလဲလဲ ဖြစ်ပွားနေတာကို တားဆီးဖို့နဲ့ စီးပွားရေးအကျပ်အတည်းကို ကိုင်တွယ်ဖြေရှင်းနိုင်တဲ့ အဓိကအဖွဲ့အစည်းတွေရဲ့ လွတ်လပ်မှုပြန်လည်ရရှိဖို့လိုအပ်ပါတယ်” ဟု အယ်လ်နာရှီဖ်က ဂျီနီဗာတွင် ပြုလုပ်သော ၅၁ ကြိမ်မြောက် လူ့အခွင့်အရေးကောင်စီ အစည်းအဝေးတွင် ပြောကြားခဲ့သည်။

သမ္မတ Ranil Wickremesinghe ဦးဆောင်သော သီရိလင်္ကာအစိုးရသစ်အနေဖြင့် ဇူလိုင်လက သမ္မတဟောင်းရာဂျားပါစကာကို ဖြုတ်ချဖို့ကူညီပေးခဲ့သည့် ဆန္ဒပြခေါင်းဆောင်များကို ဖမ်းဆီးနိုင်ရန်အတွက် လုံခြုံရေးဥပဒေများ အသုံးပြုမှုကို အဆုံးသတ်ရန်လည်း သူမကတိုက်တွန်းခဲ့သည်။

သီရိလင်္ကာနိုင်ငံခြားရေးဝန်ကြီး Ali Sabry ကမူ လူ့အခွင့်အရေးတိုးတက်မှုအတွက် ၎င်းတို့အစိုးရအနေနှင့် ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံး (OHCHR) နှင့် လက်တွဲလုပ်ဆောင်ရန် ကတိပြုထားသော်လည်း ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်ဆန့်ကျင်သည်ဟုယူဆရသော နိုင်ငံတကာတရားရေးဆိုင်ရာ စွက်ဖက်မှုမှန်သမျှကိုမူ ကန့်ကွက်သွားမည်ဟု ပြောကြားခဲ့သည်။

သီရိလင်္ကာအနေဖြင့် ၂၀၀၉ ခုနှစ်က ပြီးဆုံးခဲ့သော ပြည်တွင်းစစ်အတွင်းကျူးလွန်ခဲ့သည့် စစ်ရာဇ၀တ်မှုများအတွက် ယုံကြည်ရလောက်သော စုံစမ်းစစ်ဆေးမှုစနစ်တစ်ရပ်ကို ထူထောင်ရန်နှင့် ကျွန်း၏မြောက်နှင့်အရှေ့ပိုင်းဒေသများတွင် စစ်မဲ့နယ်မြေများကို မြှင့်တင်ရန်လည်း အယ်လ်နာရှီဖ် မှပြောကြားခဲ့သည်။

ကုလသမဂ္ဂနှင့် လူ့အခွင့်အရေးအဖွဲ့များက သီရိလင်္ကာစစ်တပ်သည် စစ်ပွဲ၏နောက်ဆုံးရက်များအတွင်း တမီလ်လူမျိုးအများစုဖြစ်သည့် အရပ်သားထောင်ပေါင်းများစွာကို သတ်ဖြတ်ခဲ့ကြောင်းစွပ်စွဲခဲ့ပြီး ပျောက်ဆုံးသွားသူများ၏ မိသားစုများအတွက် တရားမျှတမှုရရှိရန် ဖိအားပေးခဲ့သည်။

၂၀၂၁ ခုနှစ်၌လည်း OHCHR သည် နိုင်ငံတကာ တရားစီရင်ရေး လုပ်ငန်းစဉ်၏တစ်စိတ်တစ်ပိုင်းအဖြစ် တစ်နေ့နေ့တွင်အသုံးပြုနိုင်မည့်တာဝန်ခံမှု ပရောဂျက်အသစ်တစ်ခုကို စတင်ခဲ့သည်။

စီးပွားရေးအကျပ်အတည်းကြောင့်ဖြစ်ပေါ်ခဲ့သည့် နောက်ဆုံးဆန္ဒပြမှုများအပြီး၌ အစိုးရသည် ပြန်လည်သင့်မြတ်ရေးကို မြှင့်တင်နိုင်ရန် အမှန်တရားရှာဖွေနိုင်မည့်နည်းလမ်းတစ်ခုကိုစီစဉ်ခဲ့ကြောင်း Sabry ကဆိုကာ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဆောင်ရွက်မှုများမြှင့်တင်ရန်နှင့် သမ္မတအာဏာကို လျှော့ချရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးလုပ်ဆောင်ရန် ရည်ညွှန်းသည့် စကားမျိုးကိုဆိုခဲ့သည်။

Source -Reuters/vc


LEAVE A REPLY

Please enter your comment!
Please enter your name here