ရခိုင်ပြည်နယ်တွင် ၂၃ ကြိမ်မြောက် ပြည်နယ်အဆင့်မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊အက၊အ ရေး၊အတီး ပြိုင်ပွဲဖွင့်လှစ်

0
219

ရခိုင်ပြည်နယ်တွင် ၂၃ ကြိမ်မြောက် ပြည်နယ်အဆင့်မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊အက၊အ ရေး၊အတီး ပြိုင်ပွဲဖွင့်လှစ်

ရခိုင်ပြည်နယ်တွင် စက်တင်ဘာ ၁၂ ရက်မှ ၁၆ ရက်အထိ ကျင်းပလျက်ရှိသည့် ၂၃ ကြိမ်မြောက် ပြည်နယ်အဆင့်မြန်မာ့ရိုးရာ အဆို၊အက၊အရေး၊အတီး ပြိုင်ပွဲအား စက်တင်ဘာ ၁၂ ရက်နံနက်ပိုင်းက စစ်တွေမြို့ရှိ ဦးဥတ္တမခန်းမ၌ ဖွင့်လှစ်ခဲ့သည်။

အဆို၊အက၊အရေး၊အတီးပြိုင်ပွဲများအား ၁၉၉၃ ခုနှစ်မှစတင်ကျင်းပခဲ့ပြီး ၂၀၁၆ ခုနှစ်တွင် ရပ်တန့်သွားခဲ့သဖြင့် လူငယ်များကြားတွင် ရိုးရာယဉ်ကျေးမှုများ တိမ်ကောစပြုလာခြင်း၊ ထိန်းသိမ်းပြန့်ပွားနိုင်သည့် ပညာရှင်များလျော့ပါးလာခြင်းနှင့်ရိုးရာယဉ်ကျေးမှုနှင့်ဖီလာဆန့်ကျင်သည့် လှုပ်ရှားမှုများပြုလုပ်လာကြသည်ကို တွေ့မြင်လာရသည်ဟု ၂၃ ကြိမ်မြောက် ပြည်နယ် အဆင့် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊အက၊အရေး၊အတီးပြိုင်ပွဲကျင်းပရေးဦးစီးကော်မတီဥက္ကဋ္ဌ၊ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ အောင်ကျော်မင်းကပြောသည်။

“ရိုးရာယဉ်ကျေးမှု အနုသုခုမတွေ မှေးမှိန်သွားတဲ့အခါ နေ့စဉ်ဖြတ်သန်းနေရတဲ့ လူမှုဘဝမှာ အပြန် အလှန်လေးစားမှုတွေ ဂါရဝတရားတွေ ကွယ် ပျောက်လုနီးပါးဖြစ်လာရပါတယ်”ဟု ပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာအောင်ကျော်မင်းကပြောသည်။

ထို့ပြင် ပြိုင်ပွဲဝင်များအနေဖြင့် ယခုနှစ်ပြိုင်ပွဲအား ဦးတည်ချက် ၄ ရပ်နှင့်အညီ အဆင့်အတန်းရှိစွာပါဝင်ယှဉ်ပြိုင်သွားကြရမည်ဖြစ်ကာ မိမိတို့၏ ရိုးရာယဉ်ကျေးမှုများကို နိုင်ငံအတွင်း ပြန့်ပွားအောင် ဆောင်ရွက်ပြီး ရခိုင်ပြည်နယ်၏ဂုဏ်ကို မြှင့်တင်နိုင်သူများဖြစ်အောင်ကြိုးစားကြစေလိုသည်ဟု ပြောသည်။

ထို့နောက် ပြိုင်ပွဲကျင်းပရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးအောင်မျိုးက ပြိုင်ပွဲအတွက် စီစဉ်ဆောင်ရွက်ထားရှိမှု၊ ပြိုင်ပွဲအကဲဖြတ်အမှတ်ပေးရေးနှင့်ဆုရွေးချယ်ရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းက အမှတ်ပေးစည်းမျည်းစည်းကမ်းတို့ကို ရှင်းလင်းတင်ပြခဲ့ကြသည်။

ရခိုင်ပြည်နယ်အဆင့် အဆို၊ အက၊ အရေး၊ တီးပြိုင်ပွဲ၏ အဆို၊အက၊အတီးပြိုင်ပွဲများကို စစ်တွေမြို့၊ဦးဥတ္တမခန်းမ အရေးပြိုင်ပွဲကို စစ်တွေမြို့၊ ယဉ်ကျေးမှုပြတိုက်တို့၌ ပြိုင်ပွဲဝင် ၁၃၆ ဦးက ယှဉ်ပြိုင်လျက်ရှိသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here