ပြင်သစ်၌စွမ်းအင်ချွေတာနေရသဖြင့် အီဖယ်မျှော်စင်၏မီးများယခင်ကထက်အချိန်စောပိတ်ရဟုဆို
ပါရီ၊စက်တင်ဘာ ၁၄
ပါရီမြို့တွင် အီဖယ်မျှော်စင်၏မီးများကို ပုံမှန်ထက်တစ်နာရီစော၍ ပိတ်မည်ဖြစ်ပြီး မြို့နယ်တွင်း ရှိရေကန်များတွင်လည်း ရေအပူချိန်ကိုလျှော့ချကာ ဆောင်းရာသီတွင်စွမ်းအင်ချွေတာရန်အတွက် အများပြည်သူသုံးအဆောက်အအုံများအား အပူပေးသည့်စနစ်ကိုနှောင့်နှေးစေမည်ဖြစ်ကြောင်း မြို့တော်ဝန်က စက်တင်ဘာ ၁၃ ရက် အင်္ဂါနေ့ကပြောကြားခဲ့သည်။
ယခုလုပ်ဆောင်ချက်သည် ရုရှားနိုင်ငံ၏ဓာတ်ငွေ့ထောက်ပံ့မှုဖြတ်တောက်ခြင်းနှင့် စွမ်းအင်ဈေးနှုန်းများမြင့်တက်မှုတို့ကိုတုံ့ပြန်သည့်အနေဖြင့် စက်မှုလုပ်ငန်း၊အိမ်ထောင်စုများနှင့် မြူနီစပယ်အာဏာပိုင်များသည် ၎င်းတို့၏စွမ်းအင်သုံးစွဲမှုကို ၁၀ ရာခိုင်နှုန်းလျှော့ချရန်ရည်မှန်းထားသည့် သမ္မတ အင်မန်နူရယ်မာကွန်း၏ ရည်မှန်းချက်နှင့်ကိုက်ညီစေရန်လုပ်ဆောင်ခြင်းဖြစ်သည်ဟုဆိုသည်။
ယခုအချိန်တွင် ဥရောပတစ်ဝန်းရှိနိုင်ငံများသည် စွမ်းအင်သုံးစွဲမှုကိုလျှော့ချနိုင်မည့် နည်းလမ်းများကိုရှာဖွေလျက်ရှိကာ ရနိုင်သမျှစုဆောင်းထားပြီး လုံးဝဖြတ်တောက်ခံရနိုင်ခြေရှိသည့်အခြေအနေအတွက် ကြိုတင်ပြင်ဆင်လျက်ရှိကြသည်။
ပြင်သစ်သည်အိမ်နီးချင်းနိုင်ငံအချို့ကဲ့သို့ ရုရှားဓာတ်ငွေ့ကိုမှီခိုနေရခြင်းမျိုးမရှိသော်လည်း နျူဓာတ်ပေါင်းဖိုများစံချိန်တင်ပြတ်တောက်မှုကြောင့် ဓာတ်အားတင်သွင်းရန်တွန်းအားပေးခံနေရသည့်သဘောဖြစ်နေကာ ဓာတ်အားဈေးကွက်အပေါ်ဖိအားများပိုမိုဆိုးရွားစေပါသည်။
သို့သော်မြို့တော်ဝန် Anne Hidalgo ကမူ “ပြင်သစ်သည် အမြဲတမ်း အလင်းမြို့တော်ဖြစ်လိမ့်မည်” ဟု ဆိုသည်။အီဖယ်တာဝါသည် ရွှေရောင်တောက်နေသည့် မီးရောင်များဖြင့်နံနက်တစ်နာရီအထိ မီးလင်းနေပြီး မီးထွန်းညှိထားစဉ်အချိန်အတွင်း မှိတ်တုတ်မှိတ်တုတ်မီးပေါင်း ၂၀,၀၀၀ ကြောင့် တာဝါ၏မီးများသည် မှိတ်တုတ်မှိတ်တုတ်ဖြင့်လင်းလက်လျက်ရှိသည်ဟုဆိုသည်။သို့သော်ယခုအခါ ည ၁၁ နာရီ ၄၅ မိနစ်တွင် အဆိုပါအထိမ်းအမှတ်မီးများကို ပိတ်လိုက်ခြင်းသည် ပါဝါသုံးစွဲမှု ၄ ရာခိုင်နှုန်းခန့်လျှော့ချနိုင်သည်ဟုဆိုသည်။
ပါရီမြို့ရှိအများဆိုင်အဆောက်အ အုံများ၌ စက်တင်ဘာ ၂၃ မှစကာ ည ၁၀ နာရီအထိသာမီးပေးတော့မည်ဖြစ်ပြီး ရေကန်များ၏ရေအပူချိန်ကိုလည်း ယခင် ၂၆ ဒီဂရီစင်တီဂရိတ်မှ ယခု ၂၅ ဒီဂရီစင်တီဂရိတ်သို့လျှော့ချလိုက်တော့မည်ဖြစ်သည်ဟု Hidalgo ကပြောကြားခဲ့သည်။အများပြည်သူနှင့်ဆိုင် သောအဆောက်အ အုံများတွင်လည်း အပူချိန်ကို ၁၈ ဒီဂရီစင်တီဂရိတ်သို့လျှော့ချလိုက်တော့မည်ဖြစ်ကြောင်းလည်းထပ်မံပြောကြားထားသည်။
Source –Reuters/fh